တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင်ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်

တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင်ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍အမှာစကားပြောကြားစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

KG+9 တက်ရောက်အောင်မြင်ပြီးသူများအနေဖြင့် စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင်စီမံဆောင်ရွက်ပေးလျက်ရှိခြင်းသည် တပ်မတော်နှင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များထွက်ပေါ်လာစေရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်ဒေသတို့သည် တိုင်းရင်းသားပြည်သူအများစုနေထိုင်ရာနယ်မြေများဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်မတော်သားပီသစွာ ကျင့်ဝတ်နှင့်အညီပြုမူပြောဆိုရန်၊ ဒေသအလိုက် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက အထက်အမိန့်မစောင့်ဘဲ ထိရောက်သောကူညီမှုများဆောင်ရွက်ပေးကာ ပြည်သူလူထု၏ယုံကြည်လေးစားမှုရရှိအောင်ဆောင်ရွက်ရန်လည်း မှာကြားသည်။

ထို့အတူ တပ်မတော်သည် ရဲဘော်စိတ်ကိုအခြေခံတည် ဆောက်ထားကာ အထက်အောက်လေးစားသောစိတ်ဓာတ်၊ ရွယ်တူကို လေးစားသောစိတ်ဓာတ်၊ ငယ်သူကို ညှာတာသောစိတ်ဓာတ်ရှိသည့် ခိုင်မာသောအဖွဲ့အစည်းဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီမှ အဖွဲ့၊ တပ်စိတ်၊ တပ်စုအဆင့်ဆင့်သည် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့်ပူး ပေါင်းလုပ်ကိုင်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ် နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများ၊ ၎င်း၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ သည် မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားကြည့်ရှုအားပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *