၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း

၂၀၂၆ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အချိန်စာရင်းကို ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် အသိပေး ထုတ်ပြန်လိုက်သည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှတဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်နှင့် ရန်ကုန်) သို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၂) ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၉) ရက်နေ့အထိ တင်သွင်း လျှောက်ထားနိုင်ပြီး စာမေးပွဲ အချိန်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၌ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း န၀မတန်း အောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအား ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ငလျင်ကြောင့် ပြန်လည်ဖြေဆိုရသည့် ကျောင်းသားကျောင်းသူများ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ (၂၀၇,၈၉၈) ဦးအနက် (၉၉,၉၂၄) ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၈.၀၆%) ရာခိုင်နှုန်း ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *