❝မဲစာရင်းများ မနက်ဖြန် ဒုတိယအကြိမ် ကပ်ထားကြေညာမည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟎》
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို မနက်ဖြန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ကြာအောင် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက် ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
သို့ဖြစ်သဖြင့် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ ( ၄ ) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ ( ၄ – ဂ ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်ထားသည်။
ထို့အတွက် လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်မည်ဖြစ်သလို ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီး ပါက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယ) အကြိမ် ကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်ပင် ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရန်အတွက် ( ဒုတိယ ) အကြိမ် မဲစာရင်း ကပ်ထားကြေညာစဉ်တွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) သွားရောက် ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မေတ္တာရပ်ခံထားသည်။

