မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူလေဆိပ်တွင် နိုဝင်ဘာ ၁၀ရက်က ခရီးဆောင်အိတ်ပေါင်း(၁၇၀)ခန့် ကျန်ခဲ့သည့်ဖြစ်စဉ်မှာ MAIလေကြောင်းလိုင်း၏ ပေါ့ဆမှုမဟုတ်ဘဲ မြေပြင်လုပ်ငန်းကို ဆောင်ရွက်သော Ground Handler ကုမ္ပဏီ၏ ပေါ့ဆမှုဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsမှတဆင့် ပြောကြားသည်။
ထိုသို့ ခရီးဆောင်အိတ်များကျန်ခဲ့သည်ကို ခရီးသည်များက ရန်ကုန်လေဆိပ်ရောက်မှ သိရှိခဲ့ရပြီး MAI ဘက်မှ ကြိုတင်အသိပေးမှု မရှိခြင်း၊ လေဆိပ်ရောက်ချိန်တွင် ကြေညာချက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီကိစ္စကလေ မလေးရှားမှာ ကျွန်တော်တို့က check in counter ဝင်တာကနေစပြီး လေယာဉ်ပေါ်မှာ အိတ်တွေတင်တဲ့အထိကို ဒီ Ground Handler ဆိုတဲ့ ကုမ္ပဏီပေါ့။ ဒီ Ground Handler လုပ်တယ်ဆိုတာ မြေပြင်လုပ်ငန်းတွေကိုလုပ်ပေးတဲ့ ကုမ္ပဏီကို ကျွန်တော်တို့က ငှားထားတာပေါ့နော်။ သူတို့က အဲဒီလိုလုပ်ပေးတာ။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကျွန်တော်တို့က ဒီမြန်မာပြည်ကိုလွှတ်ပြီး ခိုင်းတာမဟုတ်ဘူး။ ဒီဘက်မှာရှိတဲ့ မြေပြင်ဝန်ဆောင်မှုကုမ္ပဏီတွေကို ကျွန်တော်တို့က ငှားတာ။ ငှားပြီးမှ အဲဒီကုမ္ပဏီတွေကနေပြီးတော့ Captain ကို Report ပေးတယ်။ အိတ်တွေအကုန်တင်ပြီးပါပြီ။ အဲဒီလို Report ပေးတယ်။ နောက် ဆီဘယ်လောက်ဖြည့်လို့ရပါတယ်။ ဝိတ်ကဘယ်လောက်ရှိပါတယ်။ အဲဒီ Reportကို ဟိုဘက် Ground Handler ကုမ္ပဏီက မှားပြီးပေးတာ။ လေယာဉ်မှားပြီးပေးတော့ Captain ကလည်း အဲဒီမှာ ဝိတ်တွေပေါ့နေတယ်ဆိုပြီး မြန်မာပြည်မှာကလည်း လေယာဉ်ဆီက ဈေးကြီးတော့ လေယာဉ်ဆီထပ်ဖြည့်လိုက်တာ။ ပြီးသွားတော့မှ မှားသွားလို့ဆိုတဲ့အချိန်မှာ စာလာပို့တဲ့အချိန်မှာ ကျွန်တော်တို့က ဘာမှပြန်လုပ်လို့မရတော့ဘူး”ဟု ၎င်းကပြောသည်။
အဆိုပါခရီးဆောင်အိတ်များ ကွာလာလမ်ပူလေဆိပ်တွင် ကျန်ခဲ့သောဖြစ်စဉ်မှာမှန်ကန်ကြောင်းနှင့် လက်ရှိတွင် ယမန်နေ့ (နိုဝင်ဘာ ၁၂ရက်)က နောက်လေယာဉ်များဖြင့် အိတ်များကိုခွဲသယ်ကာ အိတ်အားလုံးကို ပြန်သယ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“နောက်တစ်ခုက မြန်မာနိုင်ငံကို သယ်လာလို့ ရောက်ပြီဆိုရင်လည်း ဒီ Baggage တွေကို လေဆိပ်ထဲက Conveyor တွေနဲ့ သယ်ရတာဗျာ။ အဲဒီ Conveyor မှာ ညှပ်ပြီးတော့ အိတ်ကျိုးတာတို့ အိတ်ဘီးတွေကျိုးတာတို့ဆိုရင်လည်း ကျွန်တော်တို့နဲ့မဆိုင်ဘူး။ အဲဒါကလေဆိပ်ရဲ့တာဝန်ဖြစ်သွားပြီးပေါ့နော်။ အဲဒါကြောင့် လေကြောင်းလိုင်းရယ် လေဆိပ်ရယ်နဲ့ အဲဒီလေကြောင်းလိုင်းနဲ့ လေဆိပ်ကြားထဲမှာ မြေပြင်ဝန်ဆောင်မှုလုပ်ပေးနေတဲ့ ကုမ္ပဏီတွေရယ် နောက်တစ်ခါ Air Treatment Control ဆိုတဲ့ လေကြောင်းထိမ်းသိမ်းမှုဌာန သူတို့ကနေပြီးတော့ ရာသီဥတုပေါ်မူတည်ပြီးတော့ လေယာဉ်ထွက်ခွင့်ပေးတယ်။ လေယာဉ်ထွက်ခွင့်မပေးဘူး။ အဲဒီလိုဟာတွေရဲ့ အစအဆုံး လေကြောင်းတစ်ခုပျံသန်းဖို့ဆိုတာ ဌာန (၄) (၅) ခုပေါင်းပြီးတော့ လုပ်နေကြတာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Ground Handler ကုမ္ပဏီဘက်မှ လေယာဉ်မှူးအား မှားယွင်းစွာ အစီရင်ခံစာပို့ပေးသူကို အလုပ်နားလိုက်ကြောင်း သိရသည်။
crd///
