သီပေါမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

တပ်မတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးနောက် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဦးစားပေးအနေဖြင့် စာသင်ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အောက်တိုဘာ ၂၀ ရက်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ သီပေါမြို့ရှိအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သီပေါမြို့ပြည်သူ့ဆေးရုံတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် သီပေါမြို့အတွင်း ဒေသခံပြည်သူများပြန်လည်ဝင်ရောက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိသလို တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာလူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *