NCA (၁၀) နှစ်ပြည့်မှာ ကောင်းမွန်တဲ့အရွေ့တွေဖြစ်လာနိုင်မလား

ဧရာဝတီက NCA ကို ပျက်ရယ်ပြုတဲ့အထဲမှာ လက်ရှိ ကျန်တဲ့ အဖွဲ့တွေထဲ RCSS ပဲ လူသူလက်နက် အပြည့်အစုံရှိတယ်။ DKBAနဲ့ တခြားအဖွဲ့ တွေက အိမ်ဖြည့်ပဲလို့ ဆိုတယ်။

မေးချင်တာက လူမျိုးစုလည်း နောက်ကွယ်မှာ ထောက်ခံသူ မရှိ၊ အယူဝါဒသက်သက်နဲ့ ဟင်္သာကိုးသောင်း ဇာတ်ပျက်သလို အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ သမိုင်းကောင်း မရှိ၊ တာဝန်ခံမှု မရှိတဲ့ ABSDF လိုမျိုး၊ CNF နဲ့ လားဟူးတို့ကရော ဘယ်လိုလဲလို့ ပြန်မေးခွန်း ထုတ်ချင်မိတယ်။

KNU ဘက်က တုန့်ပြန်တာက ဖထီး စောမူတူးစေးဖော တစ်ယောက် NCA ကို တက်ရောက်တာက KNU ကို ကိုယ်စားမပြုဘူးလို့ ဆိုတယ်။ ဒီလိုပဲ ABSDF က (ကို)မျိုးဝင်းတို့က အစ၊ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အဆုံးပေါ့လေ။ ဒါဆိုရင် ….KNU က ထုတ်ပယ်ကြောင်း၊ ABSDF ဆိုရင်လည်း (ကို) မျိုးဝင်းကို ထုတ်ပယ်ကြောင်း ကြေညာပါ့လားလို့ ဆိုရမှာပဲ။ ဒီလိုပဲ မနေ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာရေးတဲ့ စာစု ထဲမှာ NCA ရဲ့ ပတ်သက်မှုထဲ စောကွယ်ထူးဝင်းတို့၊ ဂွမ်မော်တို့လည်း ထဲထဲ ဝင်ဝင် ပါခဲ့တာပဲ။ ခုကြမှ NCA ဟာ စက္ကူစုတ် ဆိုပြီး ကြေညာတာကတော့ အတော်လေး လွန်တယ်လို့ပဲ ဆိုရမယ်။

ဒီနေ့ မနက် သတင်းသမား တစ်ဦး ရေးတဲ့ စာထဲ NCA ကို တဖက်က ပျက်ပြီလို့ ဆိုသလို ၊ အစိုးရဘက်ကတော့ NCA ဟာ နိုင်ငံတကာရှေ့မှောက်မှာ လက်မှတ်ထိုးထားကြတာ ဖြစ်လို့ အသက်ဝင်နေဆဲဆိုတဲ့ ပုံစံမျိုး ရေးထားတယ်။ ထူးခြားတာက NCA ကို စက္ကူစုတ်လို့ ပြောပေမယ်၊ NCA ဟာ ပျက်ပြယ်ပြီလို့ တဖက်က ဆိုပေမယ့် ….ကိုယ်တိုင်က NCA ကနေ နုတ်ထွက်ပါတယ်ဆိုတာမျိုး ဘယ်အဖွဲ့ကမှ ကြေညာတာ မရှိနေပြန်ဘူး။

NCA ဟာ အပစ်အခတ်ရပ်စဲ၊ နိုင်ငံရေးလိုလားချက်ကို ညှိနှိုင်း၊ သဘောတူညီမှု ရရင် လွှတ်တော်တင်၊ ခြေဥပြင်၊ အဆုံးမှာ DDR/SSR အထိ သွားဆိုပြီး ပုံဖော်ထားတာပါ။

ကျွန်တော်တို့ မညာတမ်း ဖြေကြည့်ကြရအောင်…
(က) KIA လို မြေရှားကနေ နှစ်စဉ် ဘီလီယံ ချီပြီး ရနေတဲ့ ကိုယ်ပိုင်လက်နက်စက်ရုံရှိတဲ့ KIA က NCA ကို စိတ်ဝင်စားပါ့မလား။

(ခ) အစိုးရ နှစ်ဆက်လက်ထက်မှာတောင် ရွေးကောက်ပွဲ ကျင်းပမှု မရှိတဲ့ ဝ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရဲ့ ပေးထားချက်ကို ဗဟိုက ဘယ်လို ထိန်းကျောင်းကြမလဲ။

(ဂ) နယ်မြေဧရိယာနဲ့ပတ်သက်ရင် ပြင်ဆင်ခွင့်နဲ့ ပတ်သက်ပြီး ခြေဥပြဌာန်းချက်ရှိပါရက်နဲ့ TNLA လို နယ်မြေကျူးကျော်တဲ့ ဖြစ်စဉ်တွေ နောင် ဖြစ်လာရင် ဘာဆက်လုပ်ကြမလဲ။

(ဃ) နိုင်ငံရေး လိုလားချက်ကို ဆွေးနွေးသဘောတူညီနိုင်ပြီ ဆိုကြပါစို့။ အပြီးတိုင် လက်နက်ဖြုတ်သိမ်းရမယ့်အစား လုံခြုံ ရေး ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ ဘာလို့ နယ်မြေဧရိယာ တွေ သတ်မှတ်ဖို့ လိုနေသေးတာလဲ။

NCA (၁၀) ပြည့်မှာ အရွေ့ဖြစ်နိုင်မယ့် အချက်တွေ ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဆွေးနွေးနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။

(နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *