လေပွေလှိုင်းများ၏ အချိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးကြီးနိုင်

လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားခဲ့ကာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေပွေလှိုင်း အဖြစ် အားလျော့သွားခဲ့ပြီး နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့သို့ ‌ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့အတွင်း နေပြည်တော်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး
ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လွဲ၍ ကျန် တိုင်းနှင့်ပြည်နယ် ၁၂ ခုတို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။

အလားတူ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အသိပေးနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *