ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်း သူများအား စာပေပညာရပ်များကို သင်ကြား ပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများ အား တန်းစဉ်အလိုက်ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေး လျက်ရှိရာနောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၂၆၈ ဦး ထပ်မံ၍ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၀၈၅ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ကာ ဩဂုတ်လ၂ ရက်တွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၈၉ ဦး တို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်း သားပြည်သူ ၈၃ ဦးကို သွေးအမျိုးအစား စစ်ဆေးပေး၍ အမျိုးသား ၁ ဦးကို ငှက်ဖျား ပိုးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၃၆ ဦး တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မီးသတ်တပ်ဖွဲ့များက နောင်ချို မြို့၊ တောင်ရပ်ကွက်၊ ဟော်တော်ဘုန်းကြီး ကျောင်းဝင်းအနီး လမ်းဘေး ဝဲ/ယာ ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်း များ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
