ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) ၌ ၂၀၂၅ ခုနှစ် မေလအတွင်း ခြင်ဆီကင်ဆာလူနာသုံးဦးနှင့် သွေးပြန်ရေကျိတ်ကင်ဆာလူနာတစ်ဦး စုစုပေါင်း လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လူနာလေးဦးမှာ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့မှ ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့မှ ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့မှ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အဆိုပါခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြု ကြီး/ငယ်များ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လေးဦးစုစုပေါင်း ၁၉ ဦးကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *