ဝဥ ဆိုတာ
ဝဥ ဆိုတာက အာဟာရ ပြည့်ဝတဲ့ သစ်ဥ သစ်ဖု တစ်ခုပါ။ ပီလောပီနံဥတွေနဲ့ မျိုးရင်း ခပ်ဆင်ဆင်ပါ။ ဒီအပင်က အာရှဒေသမျိုးရင်းပင် ဖြစ်ပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တောင်တရုတ် နဲ့ နယူးဂီနီတို့မှာ ပေါက် ရောက်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အာဟာရ တန်ဖိုးများသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပေးပါတယ်။
ဝဥမှာ ဘာတွေ ပါလဲ
ဝဥမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
• ကစီဓာတ်
• ရေဓာတ်
• အဆီဓာတ်
• ပရိုတင်း
• အမျှင်ဓာတ်
• ပိုတက်ဆီယမ်
• ကယ်လ်ဆီယမ်
• သံဓာတ်
• မဂ္ဂနီဆီယမ်
• ဆိုဒီယမ်
• ဇင့်
• ကော့ပါးတို့ ပါဝင်နေပါတယ်။
ဝဥက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲ
ဝဥ ကျန်းမာစေဖို့ ထောက်ကူပေးသလားဆိုတော့ အခုလိုလေး ထောက်ကူပေးပါတယ် –
သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်
ဝဥမှာ omega-3 fatty acids ပါဝင်နေတာကြောင့် သွေးထဲက မကောင်းတဲ့ အဆီတွေကို ဖယ်လျှော့ပေးပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော များတာကို သက်သာစေဖို့ ဖြစ်ဖြစ် ကာကွယ်ဖို့ဖြစ်ဖြစ် ဝဥကို စားပေးလို့ ရပါတယ်။
ဝိတ်ကျစေနိုင်တယ်
ဝဥမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နှလုံးသွေးကြောတွေ ကျန်းမာစေတယ်
ဝဥက သွေးထဲက အဆီကို ကျစေပြီး သွေး ကြောတွေကို ပြေလျော့စေလို့ သွေးစီးဆင်းမှု ကောင်းစေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရုတ်တရက် နှလုံးရပ်တာ၊ နှလုံးသွေးကြောပိတ်တာတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အရောင်ကျစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဝဥက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုကို သက်သာစေပြီး သွေး ကြောတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ဝဥ က အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာက အူမကြီးကင်ဆာ၊ အဆုတ်နဲ့ ခံတွင်းကင်ဆာ အပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အရွယ်တင်စေနိုင်တယ်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နိုင်တဲ့ ဝဥက ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေသလို အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကအစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
ဝဥက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ဝဥက အစာအိမ်ကို ကျန်းမာစေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်း မွန်စေပြီး အာဟာရ စုပ်ယူနိုင်စွမ်း ကောင်းစေဖို့ရော ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ပရိုတင်း ပါဝင်နေတဲ့ ဝဥ က ကိုယ်ခံအားကို ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် ဝဥကို စားပေးလို့ ရပါတယ်။
အာရုံစူးစိုက်မှု ကောင်းစေတယ်
ဝဥမှာ omega – 3 fatty acid၊ ဇင့်၊ ဆီလီနီယမ်တို့အပြင် အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အာရုံစူးစိုက်မှုကို ကောင်းစေသလို ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဘာတွေ သတိထားရမလဲ
ဝဥက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားမိမယ်ဆိုရင်တော့ –
• လည်ချောင်းယားတာ
• အစာမကြေတာ
• မအီမသာဖြစ်တာ
• အော့အန်တာ
• ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ဝဥ က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်
• အစာခြေစနစ် ပြဿနာ ရှိသူတွေ
• ရောဂါအခံ ရှိသူတွေ
• ကိုယ်ဝန်ဆောင်တွေ
• နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။
(Crd; Hello Sayarwon)