လေးမွှာပူးကိုယ်ဝန်ကို ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့

ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ အသက် ၂၆ နှစ်အရွယ် ဒေါ်ဝင်းမာထွန်း ဆိုသူအမျိုးသမီး၏ သားဦးလေးမြွှာပူးကိုယ်ဝန်ကို မတ်လ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။     အဆိုပါ ဒေါ်ဝင်းမာထွန်း၏ လေးမြွှာပူးကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး – ရန်ကုန် ဆေးရုံအုပ်ကြီးခေါင်းဆောင်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းကာ ညှိနှိုင်းတိုင်ပင်ပြီးမှ စနစ်တကျဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ယင်းခွဲစိတ်ကုသမှုကို ပါမောက္ခ/ဌာနမှူး (သားဖွားမီးယပ်) ပါမောက္ခ ဒေါက်တာ ခင်မေသင်း ဦးဆောင်သော သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများအဖွဲ့၊ တွဲဖက်ပါမောက္ခ ဒေါက်တာချိုချို ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး (မွေးကင်းစ) ပါမောက္ခဒေါက်တာနမ့်စမ်းစမ်းအေး ဦးဆောင်သော မွေးကင်းစကလေး အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။ထိုလေးမြွှာပူးကိုယ်ဝန်မှ ကိုယ်အလေးချိန် 1.21 kg၊ 1.52 kg၊ 1.28 Kg နှင့် 0.91 kg ရှိ မိန်းကလေး လေးဦးတို့ကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကာ ကလေးများကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာန၌ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *