MK-82 ဗုံး ၈ လုံးကို နေရာမှားပြီး ကြဲချခဲ့မိတဲ့ တောင်ကိုရီးယားလေတပ်

တောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်တစ်စင်းဟာ အမေရိကန်တပ်တွေနဲ့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ MK-82 ဗုံး (၈) လုံးကို နေရာမှားပြီး ကြဲချခဲ့မိတာကြောင့် မြန်မာနိုင်ငံသားတစ်ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦးအပါအဝင် အရပ်သား ၆ ဦးနဲ့ စစ်သား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ 

အဆိုပါဒဏ်ရာရသူတွေထဲက ၄ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပြီး အဲဒီစိုးရိမ်ရတဲ့ ၄ ဦးထဲမှာ မြန်မာနိုင်ငံသားတစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။

ထိုဖြစ်စဥ်ဟာ မြောက်ကိုရီးယားနယ်စပ်ရဲ့ တောင်ဘက် ၂၅ ကီလိုမီတာ (၁၆ မိုင်) ကွာဝေးတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ပိုချီယွန်မြို့မှာ ဒီကနေ့ မတ်လ ၆ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး ယခုလို အရပ်သားတွေကို ထိခိုက်စေခဲ့တဲ့ မရည်ရွယ်ဘဲ မှားယွင်းပြီး ဗုံးကြဲချမှုအတွက် အရမ်းဝမ်းနည်းမိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသွားသူတွေ အလျင်အမြန် ပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးပါကြောင်း တောင်ကိုရီးယားလေတပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ မတော်တဆတုံ့ပြန်ဆောင်ရွက်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထူထောင်ခဲ့ပြီး ထိခိုက်နစ်နာရမှုတွေအတွက် နစ်နာကြေးပေးမှုအပါအဝင် လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

crd// mht

Leave a Reply

Your email address will not be published. Required fields are marked *