မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော MDY PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် (၆) ဦးကို လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
ယင်း ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၆ ရက်က နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည့် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အိမ်အမှတ် (၈၀) နေ ရာအိမ်မှူး ဦးဝင်းဦး၏ဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာမှ အဆိုပါအကြမ်းဖက်သမားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူ တရားခံ (၆) ဦးအနက် အသက် ၃၈ နှစ်အရွယ် နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး ဆိုသူနှင့် အသက် ၂၀ အရွယ် မင်းခန့် (ခ) ဂူးဂူး ဆိုသူတို့ ၂ ဦးကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားရှိ ၎င်းတို့၏ နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။
ထို့နောက် ယင်းနေ့ နံနက်ပိုင်း၌ပင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇ x ၄၈ လမ်းကြားနေ ဆက်စပ်တရားခံဖြစ်သူ အောင်အောင် (ခ) အောင်လေး (၃၆) နှစ်အား လက်လုပ်ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍လည်း တရားခံ နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းတွင် စဉ့်ကိုင်မြို့နယ်၊ ဆယ့်နှစ်ကိုင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆက်စပ်တရားခံ ဇော်ဇော်ထွန်း (ခ) ဇော်သက် (ခ) ဖက်တီး (၂၈) နှစ်၊ မြနန္ဒာရပ်ကွက်၊ ပလိပ်မြို့နေသူအားလည်းကောင်း၊ တရားခံ ဇော်ဇော်ထွန်း (ခ) ဇော်သက် (ခ) ဖက်တီး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် ထွန်းထွန်းမြင့် (၅၀) နှစ်၊ ကျွဲနဖားကျေးရွာ၊ စဉ့်ကိုင်မြို့နယ်နေသူအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် တရားခံ သူရိန်ထွန်း (၂၆) နှစ်၊ အကွက်အမှတ် (၅၀၁)၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၆ ဦးတို့အား လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ၉ မမ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် MDY PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်းနှင့် ရင်းနှီးခဲ့ကာ မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ၉ မမ ကျည် ၃၁ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံးတို့အား ယူဆောင်ခဲ့ပြီး အောင်အောင် (ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် MDY PDF အကြမ်းဖက်အဖွဲ့ဝင် မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်ဟုဆိုသည်။
အလားတူ ဖမ်းဆီးရန်ကျန်တရားခံ မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်းမှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေးများအား နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး၊ အောင်အောင် (ခ) အောင်လေးနှင့် ဇော်ဇော်ထွန်း (ခ) ဇော်သက် (ခ) ဖက်တီးတို့မှ တစ်ဦးလျှင် ၃ သိန်းကျပ်၊ အခြေအနေကြည့်ရှုပေးသူများအား ၁ သိန်းကျပ်ဖြင့် ပြန်လည်ခွဲဝေပေးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။


