တိုင်းပြည်အတွက် သူရဲကောင်း လူမိုက်အလိုရှိသည်

တိုင်းပြည်လွတ်လွပ်ရေးအတွက် ဗြိတိသျှတွေကို တိုက်ထုတ်ဖို့ လူမိုက်အလိုရှိသည်တဲ့။ ကိုလိုနီခေတ်က သတင်းစာကြော်ငြာဖြတ်ပိုင်း လေးတစ်ခု။

ဂီဒုန်ဆိုတဲ့ KIA ရဲ့အင်အားရာချီ စစ်ပြင်ဆင်ထားတဲ့ခံစစ်စခန်းကိုတိုက်တော့ မပခတပ်တွေဟာ သံဖိနပ်တွေ စီးပြီး မိုင်းကွင်းကို ဖြတ်ပြေး၊ သူရဲသူဘက်စီးသလို ပြေးဝင်ခဲ့ကြသတဲ့။

အခုကျသွားတဲ့ ပွိုင့်၂၂၀၂ ကိုရဖို့ တပ်မ ၆၆ ဟာ ၂ လလောက် အသေအချာပြင်ဆင်တိုက်ခဲ့ရတယ်။ တရုတ်ဖြစ် စနိုက်ပါတွေ မြန်မာပြည်ဖြစ်စနိုက်ပါတွေရဲ့အားပြိုင်ပွဲဆိုလည်းမမှားဘူး။

၂၀၁၁ လိုင်ဇာအပေါက်ဝကိုရောက်မှ ပြန်ဆုတ်ခိုင်းတဲ့အချိန်မှာစစ်သည်တစ်ချို့ဆို ဝမ်းနည်းလွန်းလို့ မျက်ရည်ကျ ကျခဲ့ဖူးသတဲ့။

လောက်ကိုင် တိုက်ပွဲမှာ တစ်ဖက်ရန်သူ လှမ်းပစ်တဲ့လက်ပစ်ဗုံးကို လေထဲမှာတင်လိုက်ဖမ်းပြီး လေထဲမှာတင် ပြန်ပစ်တွေတောင် လုပ်ခဲ့ကြသေးသတဲ့။

၂၀၁၁-၂၀၁၂-၂၀၁၃ သုံးနှစ်လုံး ဘော်စဲခိုဒေသမှာ စကခ ၄ ဝင်ခဲ့တုန်းက မိုင်းထိခဲ့တဲ့ ဖြစ်စဉ်တွေက တပ်တိုင်းနီးပါးပဲ။ အဲ့ဂွင်ကအပြန် ၂၀၁၃ ထီလာအရေးအခင်းဆက်ဝင်၊ အရေးအခင်းက အပြန် Refit ဝင်ပြီး မဲသဝေါ မာနယ်ပလော မဲလ မော်ဖိုးကေကို ဆက်ဝင်ခိုင်းတုန်းကလည်း ဘယ်သူမှ တစ်ချက်မငြီးကြဘူး။ အခြေအနေ အကြောင်းရာတွေကြောင့် လေထီးသင်တန်းမတက်ရသေးတဲ့ အရာရှိ/စစ်သည်တွေကို တပ်တွေ ပြောင်းရွေ့ကြတော့ စစ်သည်တစ်ချို့ဆိုသူတို့ရဲ့ လူမိုက်သူငယ်ချင်းတွေနဲ့ခွဲရမယ့်အရေး မျက်ရည်လည် ခဲ့ကြသေးတယ်။

မာနယ်ပလောကိုသိမ်းပိုက်ရမိတော့ တပ်မ ၄၄ က ချေမှုန်းရေးတပ်ရင်းတွေက ဘာပစ္စည်းမှမယူဘဲ ရန်သူတွေဖတ်ခဲ့တဲ့ Play Boy မဂ္ဂဇင်းတွေနဲ့ ပွတ်ချွန်းလိပ်သောက်ကြသတဲ့။ သူတို့ ဆေးလိပ်မသောက်ရတာ နှစ်ပေါက်နေပြီတဲ့။ ဗိုလ်ချုပ်မောင်လှကို သေနတ်တွေရဲ့ နတ်ဘုရားဆိုပြီး တင်စားရေးသားကြတဲ့ ခေတ်ကပေါ့။

သူးမွဲထမြစ်ဆုံက မိုင်းအတိခင်းထားတဲ့ ရှေးဟောင်းစေတီတော်လေးကို တောပန်းကလေးတွေ ကပ်ဖို့အသွား ခြေထောက်နှစ်ဖက်လုံး မိုင်းထိပြီးဖင်တရွတ်တိုက်နဲ့ ပန်းလေးတွေကပ်ရင်း ကျသွားတဲ့ ရဲဘော်လေးတွေ တွေ့ဖူးတယ်။

ဘော်စဲခိုအဝင် နတ်စင်ကုန်းဆိုတဲ့ ကာကင်းစခန်းလေးဘေးမှာ အာဇာနည်ကုန်းဆိုတဲ့ သုသာန်လေးရှိတယ်။ ခေတ်အဆက်ဆက်က ကျဆုံးသွားတဲ့ အညတြ စစ်သည်တွေရဲ့ ဝိညာဉ်တွေရှိတယ်။ ကျောက်စာ မလုံလောက်တဲ့ သူရဲကောင်းတွေပေါ့။

ဦးစက္ကိန် ကျောင်းတိုက်ပွဲမှာ ဂျစ်ကားကို မောင်းဝင်မောင်းထွက် ပစ်လိုက်၊ ကျည်သွားဖြည့်လိုက် လုပ်ခဲ့ဖူးတဲ့ ဗိုလ်တိုက်ချွန်းလို သူရဲကောင်းတွေရှိခဲ့ဖူးတယ်။ ဆပ်ခ်ျဗဟာဒူးရိုင်းဆိုတာ ကျည်ဆန်ပြီးတဲ့ လူသား လေလားလို့ KNDO တွေရဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးတယ်။

ပဲနွယ်ကုန်းတံတားတိုက်ပွဲမှာက လှသောင်းဆိုတာ ဂရိစစ်နတ်ဘုရားတဲ့။ ဗိုလ်မှူး အေးချို ဆိုတာကတော့ မြန်မာဆွန်ဇူး ပါပဲတဲ့။ ခြူးရွေပန်ကောက်ကပြောတယ် ဗိုလ်ချုပ် စစ်မောင်ဆိုတာမကြွေတဲ့ပန်းတပွင့်။ မုံးကိုး တိုက်ပွဲမှာ တပ်မ ၉၉ နဲ့ ချေမှုန်းရေးတပ်တွေဟာ သူရဲသူဘက်စီးနင်းနေသလို တရကြမ်း နင်းကြမ်းတိုက်ခဲ့သတဲ့။

မော်ဖိုးကေ စခန်းဘေးက တောင်ကုန်းမှာပွိုင့်ဖိုက် ပစ်ပေါက်ကို ကိုယ်လုံးနဲ့တက်ပိတ်ပြီး ရအောင် တိုက်ခဲ့သူတွေရဲ့ လှဲလျောင်းရာ အရိုးဂူလေးတွေရှိတယ်။ ဟိုက်ကမ်းပါးမှာလည်း ဝေလည်းမွှေးတဲ့ အစိမ်းရောင်ပန်းတွေအများကြီးတဲ့။

ခတ်ကျွဲမှန်ရင်တော့ ဂျိုချက်ဘယ်ကင်းကြမလဲ။ ရန်သူ့စနိုက်ပါကြီးကိုင်ပြီး မာန်ပါပါ ရပ်နေတဲ့ မိမိစစ်သည် တွေရဲ့ ပုံကို မြင်ချင်တယ်။

ဒုတိယ အဂ်လိပ် မြန်မာစစ်ပွဲမှာကျဆုံးသွားတဲ့ ဗမာစစ်သည်တွေရဲ့လက်ထဲက ဓါးတွေဟာ သွေးစေးတွေနဲ့ စေးကပ်ပြီး ခွာမရလို့ ဓါးနဲ့အတူ လူတွေကိုပါ မှတ်တမ်းတင်ခဲ့တဲ့ ဗြိတိသျှတပ်ရင်းတွေရှိခဲ့ဖူးတယ်။

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ပြန်အပ်မယ် အရင်ကလို ခြေအကောင်းလက်အကောင်းပဲပြန်ပေး။ စစ်ဆက်တိုက်ချင်တယ်ဆိုတဲ့ ရဲဘော်တွေ အများသား။

အခုလည်း “လူမိုက်အလိုရှိသည်။”

(ကပ္ပတိန်ဝန)

Leave a Reply

Your email address will not be published. Required fields are marked *