ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ အဆိုပါဆရာဝန်သေဆုံးသွားပြီး တရားခံအမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ—-
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး(၆၇)နှစ် ထံသို့ အမျိုးသားတစ်ဦး(စိစစ်ဆဲ)မှ ဖုန်း အမှတ် ၀၉၆၈၁၂၀၁၄၅၇ ဖြင့် ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထား ကြောင်း၊ အသက်မသေစေလိုက ငွေကျပ်သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့ လာထားရန်၊ လာထားသောငွေအား ၎င်းတို့ လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေး မည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့ သွားရောက်၍ ငွေကျပ် သိန်း ၃,၀၀၀ အား ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ် သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင် ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆)နှစ်(ဘ)ဦးစိုးမြင့် (ချမ်းမြသာစည်မြို့ နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်း x ၁၀၅ လမ်းကြား ငွေလရောင် ဆေးခန်း)အား စစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်း ဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန် ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိ လာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင် (ခ)မိုးဒီနှင့်အတူ ချုပ်နှောင်နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့အား တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ် ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏ မိဘများ ထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ် သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရား တောင်ဘက် မုခ်သို့ လာရောက်ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများက လာရောက်ထားပေးခဲ့သည့် ငွေများအား မီနီအိုးဝေ ဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအ စား ဆိုင်ကယ် ၁ စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ် ၁ စီးတို့အား ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင် ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းထဲသို့ ပစ်ချခဲ့ ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင်(ခ)မိုးဒီ (၂၈)နှစ်(ဘ) ဦးတင်ထွဋ် ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းကို ချမ်းမြသာစည် မြို့နယ်၊ ချမ်း တောင် ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းအ တွင်းမှလည်းကောင်း၊ ကားအား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ် ၂ စီး၊ မော်တော်ယာဉ် ၁ စီး၊ ငွေစက္ကူရောရာ ၁,၀၂၂ သိန်းကျပ်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ တရားခံ အောင်ဇင်ဖြိုးနှင့် မိုးဒီ(ခ)လွမ်းဇင်အောင်တိုနှစ်ဦးအား ဥပဒေ နှင့်အညီ ထိရောက် သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်စဉ်မှ တရားခံ အောင်ဇင်ဖြိုး သည် ဆရာဝန် တစ်ဦးဖြစ်သော်လည်း Online ဘောလုံး/နှစ်လုံး/သုံးလုံးထီလောင်းကစားများ လုပ်ဆောင်သဖြင့် အကြွေးများ တင်ကာ ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူအား ပြန်ပေးဆွဲ သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ကို သင်ခန်းစာယူ၍ မိဘပြည်သူများအနေဖြင့်လည်း Online ဘောလုံး/နှစ်လုံး/သုံးလုံးထီလောင်း ကစားများအား မပြုလုပ်ကြရန်နှင့် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားပြုလုပ်သူများ၏ သတင်းရရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ အစည်းများ ထံသို သတင်းပေးပိုနိုင်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ် ပါသည်။