ထိုင်းနိုင်ငံ၊ ချန်ဖွန်ပြည်နယ်၊ လန်ဆူအန်ခရိုင်၌ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားအမျိုးသမီး ငါးဦးအပါအဝင် စုစုပေါင်း လူ ၂၆ ဦးအနက် မြန်မာနိုင်ငံသား ၁၀ ဦးတို့မှာ စွန့်ပစ်ခြင်းခံရပြီးနောက် ၎င်း ၁၀ ဦးအနက်မှ ၃ ဦးမှာ သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည်ဟု ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို ကုန်တင်ကားနှစ်စီး၏ အလုံပိတ်ခန်းထဲ၌ ထည့်သွင်းခေါ်ဆောင်လာစဉ် လူ ၁၀ ဦးတို့မှာ အပူရှိန်နှင့် အသက်ရှူမွန်းကျပ်မှုတို့ကြောင့် သတိလစ် မေ့မြောနေသဖြင့် လူပွဲစားနှင့် ယာဥ်မောင်းတို့က စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယခုအခါ အဆိုပါ မြန်မာ ၁၀ ဦးကို စွန့်ပစ်ထားခဲ့သည့် ယာဉ်မောင်းနှစ်ဦးကို ဖက်ဘူရီပြည်နယ်တွင် ၎င်းကုန်တင်ယာဉ်နှစ်စီးနှင့်အတူ အောက်တိုဘာ ၁၈ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရပြီး လွတ်မြောက်နေသည့် သံသယရှိသူတစ်ဦးလည်း ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
CRD//