မြန်မာ – အိန္ဒိယ – ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆွေးနွေး

နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းရေး“မြန်မာ – အိန္ဒိယ – ထိုင်း သုံးနိုင်ငံအစည်းအဝေး” ၌ ဝန်ကြီးများသည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပါအဝင်ကဏ္ဍစုံ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာ – အိန္ဒိယ – ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည် ဖော်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာ – အိန္ဒိယ – ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

အလားတူ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

CRD/MNP