အမျိုးသားဝန်ထမ်းတွေကို ဘက်လိုက်တာနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီ တရားစွဲခံံရ

Appleကုမ္ပဏီဟာ တူညီတဲ့အလုပ်ကို တန်းတူလုပ်ကိုင်တဲ့ အမျိုးသမီးဝန်ထမ်းတွေကို အမျိုးသားဝန်ထမ်းတွေထက်နည်းတဲ့ လစာပေးချေနေပြီး စွမ်းဆောင်ရည်ပိုင်း အကဲဖြတ်မှုတွေမှာ အမျိုးသားတွေကို ဘက်လိုက်တာနဲ့ပတ်သက်ပြီး အမျိုးသမီးဝန်ထမ်းနှစ်ဦးက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Apple ကုမ္ပဏီမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်နေ့မှာ ဆန်ဖရန်စ္စကိုမှာရှိတဲ့ တရားရုံးမှာ တရားစွဲဆိုမှုကို စတင်ခဲ့တာလို့လည်း သိရပါတယ်။ ဒီတရားစွဲမှုဟာ Apple ကုမ္ပဏီရဲ့ အင်ဂျင်နီယာ၊ စျေးကွက်ရှာဖွေရေးနဲ့ AppleCare ဌာနခွဲတွေက ယခင်နဲ့လက်ရှိ အမျိုးသမီးဝန်ထမ်းပေါင်း(၁၂၀၀၀)ကျော်ကို ကိုယ်စားပြုတယ်လို့ တရားလိုတွေကို ကိုယ်စားပြုတဲ့ ဥပဒေကုမ္ပဏီတစ်ခုကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီအမှုမှာ အမျိုးသားတွေကို အမျိုးသမီးတွေထက် မျက်နှာသာပိုပေးမှုနဲ့အတူ လစာကွာဟမှုတွေကို ဖြစ်ပေါ်စေတယ်လို့ စွပ်စွဲခံထားရတဲ့ Apple ကုမ္ပဏီရဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ အလေ့အကျင့်တွေနဲ့ စွမ်းဆောင်ရည်အကဲဖြတ်မှုတွေကို အဓိကအာရုံစိုက်ထားတယ်လို့လည်း သိရပါတယ်။

Apple ကုမ္ပဏီဟာ အမျိုးသမီးဝန်ထမ်းတွေအတွက် လစာနှုန်းထားတွေကို နည်းပါးစွာပေးနေတယ်လို့ တိုင်ကြားချက်တွေအရ သိရပါတယ်။ Apple ကုမ္ပဏီရဲ့ အလေ့အကျင့်တွေဟာ လုပ်ခလစာကွာဟမှုတွေကို ဆက်လက်တည်မြဲစေခဲ့တယ်လို့ တရားလိုတွေကပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဘောနပ်စ်တွေနဲ့ ရာထူးတိုးမြှင့်မှုတွေကို သတ်မှတ်ပေးတဲ့ Apple ကုမ္ပဏီရဲ့စွမ်းဆောင်ရည် အကဲဖြတ်မှုစနစ်ဟာ အမျိုးသားတွေကို ဘက်လိုက်တယ်လို့လည်း တရားစွဲဆိုထားပါတယ်။ တရားလိုတွေကို ကိုယ်စားပြုတဲ့ Cohen Milstein Sellers & Toll PLLC ဥပဒေကုမ္ပဏီက ရှေ့နေတစ်ဦးဖြစ်တဲ့ ဂျိုးဆယ်လာက ‘Apple ကုမ္ပဏီရဲ့ မူဝါဒနဲ့အလေ့အကျင့်တွေဟာ အမျိုးသမီးတွေအပေါ် ကွဲပြားတဲ့ အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။ အမျိုးသားတွေနဲ့အတူ တူညီတဲ့အလုပ်ကိုလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို တန်းတူလုပ်ခလစာပေးဖို့ ပျက်ကွက်တာဟာ တရားမျှတမှုမရှိပါဘူး’လို့ ပြောဆိုခဲ့ပါတယ်။

#CRD_NOM