ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ ဇန်နဝါရီ ၇ ရက်တွင် တရားခံ (၈) ဦးနှင့်အတူ TOYOTA SUCCEED မော်တော်ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ရဲရန်အောင်လမ်းရှိ နေအိမ်မှ မစောခင်ကျော် (ခ) စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သလို ဖမ်းမိတရားခံ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၃) ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိတရားခံများ အနက် မောင်ရွှေသန်း (ခ) ကျော်သန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။