“ကဲ… ကဲ ကိုယ်တော်တို့ ငါးပါးစီ သိမ်ဝင်ရမယ်၊ ငါးပါးတစ်တွဲစီတွဲထားပါ”
မနက်ပိုင်းဆံချပြီး ဆရာတော်က သင်္ကန်းဝတ်ပေးထားသောကြောင့် အရာရှိ၊ စစ်သည်များမှာ ကိုရင်ဘဝသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ဆွမ်းစားအပြီး သိမ်ဝင်ရန်အတွက်မူ နေရာအနေအထားအရ ငါးပါးစီသာဝင်ရမည်ဖြစ်သောကြောင့် ငါးပါးစီစုထားရန် တပ်ရင်းမှူးကဆော်ဩလိုက်သည်။ ဒုလ္လဘဝတ်သည့်အရေအတွက်အားဖြင့်မူ တပ်ရင်းတစ်ရင်းလုံးပေါင်းသော် အပါးနှစ်ဆယ်တိတိဖြစ်သည်။
တစ်သုတ်ပြီးတစ်သုတ် သိမ်ဝင်ကြပြီး နောက်ဆုံးတွင် ဦးစန္ဒိမာတစ်ဖြစ်လည်း ဗိုလ်ကြီးဆွေလင်းအောင်ပါဝင်သည့် နောက်ဆုံးအသုတ်ငါးပါးသာကျန်တော့သည်။
“ဗိုလ်ကြီး… အဲ… အရှင်ဘုရား၊ ပြောစရာရှိလို့”
သိမ်ဝင်ရန်ပြင်ဆင်နေသော ဦးစန္ဒိမာအနီးသို့ ကိုရင်ကြီးအေးထွန်းရောက်လာကာ ခပ်တိုးတိုးဖြင့်ဆိုသည်။
“ဘာတုန်းဗျ”
“သိမ်ဝင်ရင် အကြွေးကင်းလားမေးတယ်ဆို”
“ဟုတ်တယ်လေ၊ ဘာလိုလဲ”
“အကြွေးမကင်းရင် ရဟန်းမဖြစ်ဘူးဆိုလို့ တပည့်တော်မှာ အကြွေးလေးနည်းနည်းရှိနေလို့ပါ၊ အဲဒါ ဟို… ဘယ်လိုလုပ်ရမလဲ လာတိုင်ပင်တာ ဟီး…”
“ဟာ… ခင်ဗျား… အာ… ကိုရင်ကြီးကလဲဗျာ၊ စောစောကတည်းက ဆပ်ထားပေါ့ဗျ၊ ခုမှလာပြီးတော့ဗျာ၊ ကဲ ပြော… ဘယ်သူ့ဆီမှာ ဘယ်လောက်အကြွေးတင်နေတာလဲ”
“ဟို… သိပ်တော့မများပါဘူး၊ သက်သာဆိုင်က ဆရာကြီးကျော်စိုးနိုင်ဆီမှာ ပုလင်းဖိုး ငါးထောင်တည်းပါ၊ တပည့်တော်က မလိမ်ချင်လို့၊ ပြီးတော့ စိတ်လဲသန့်ချင်တာနဲ့မို့လို့ပါ”
“ခုမှလာပြီး ရိုးသားတဲ့ဖိုးသခွားလုပ်နေသေး၊ ပြီးရောဗျာ… ကိုယ်တော့်ဒကာမကို ပြောလိုက်မယ်၊ ခုနက ဟိုဘက်နားမှာတွေ့လိုက်တယ်”
“ဟာ… ဗိုလ်… အရှင်ဘုရား၊ သူ့ကိုပြောလိုမဖြစ်ဘူးဘုရား၊ ဖြစ်နိုင်ရင် အရှင်ဘုရား စိုက်ဆပ်ထားပေးပါလားလို့၊ လူထွက်တာနဲ့ ပြန်ပေးပါမယ် နော်…”
“ဘာထူးမှာလဲဗျ၊ နားရွက်ပတ်ကိုင်နေပြန်ပြီ၊ ကျုပ်ဆီကစိုက်ပေးလဲ အကြွေးပဲလေဗျာ”
“ထူးတယ်ဘုရား… ထူးတယ်၊ ဗိုလ်ကြီးကျတော့ အကြွေးယူထားမိတယ်လို့ကို စိတ်ထဲမထင်တာ ဟီး…”
“ဟား… ကိုရင်ကြီးကတော့ လုပ်ပြီဗျာ၊ ကဲကဲ… ကျုပ်ပေးလိုက်မယ်၊ အကြွေးမရှိတော့ဘူးလို့ သဘောထားလိုက်တော့ ဟုတ်ပြီလား၊ သိမ်ထဲရောက်ရင်လဲ ပေါက်ကရတွေ လျှောက်ဖြေမနေနဲ့အုံး”
“တင်ပါ့ဘုရား… ကျေးဇူးကြီးလှပါတယ်ဘုရား”
ကိုရင်ကြီးအေးထွန်းကား ပြုံးပျော်ရွှင်မြူးစွာ ထွက်သွားနိုင်သော်လည်း မပြုံးနိုင်သူက ဦးစန္ဒိမာခေါ် ဗိုလ်ကြီးဆွေလင်းအောင်ပင်။ သက်သာဆိုင်တာဝန်ခံ ဆရာကြီးစီကျူကိုရှာကာ ပိုက်ဆံငါးထောင်ပေးလိုက်ရလေသည်။
“ဟူး… ဘုန်းကြီးဝတ်တာတောင် ဒင်းတိုကိစ္စတွေ လိုက်ရှင်းနေရပါသေးလားနော်…”
crd.နေဇင်(ပေါက်ခေါင်း)