ဆရာမင်းသိင်္ခရဲ့စာတစ်အုပ်အုပ်ထဲ ဖတ်ခဲ့ဖူးတယ်။ ဘယ်စာအုပ်ထဲရယ်တော့ မမှတ်မိဘူး။
ဒီလိုဗျ။ ကျီးကန်း ဘာအရောင်ရှိသလဲ မေးရင် အမည်းလို့ ဖြေရမယ်။ အဖြူဆိုတာက ရှားတောင့်ရှားခဲ။ အဖြူရောင်ကျီးကန်း/ကျီးဖြူ မရှိလားဆို ရှိတယ်။ ဒါပေမယ့် ယေဘုယျသဘော မေးမြန်းပြောဆိုတဲ့အခါ ခြွင်းချက်တွေကို အမြဲလို ထည့်သွင်းပြောဆိုတာ မသင့်တော်ဘူး။ ကမ္ဘာပေါ်မှာ ကျီးကန်းအမည်းရောင်ပဲ ရှိတာလားဆိုရင်တော့ ဘယ်ဟုတ်မလဲ၊ အဖြူရောင်ကျီးကန်းလည်း ရှိတယ်။ အမေရိကန်မှာ၊ အိန္ဒိယမှာ တွေ့နိုင်တယ်လို့ ဖြေရမယ်။ သိထားတာ ကောင်းတယ်။ ကိုယ်သိတဲ့ခြွင်းချက်ကို သာမန်အခြေအနေတွေမှာ ဆင်ခြင်မှုမဲ့ ထည့်သွင်းပြောဆိုတတ်တာ မကောင်းဘူး၊ အဆင်မပြေဘူး။ တစ်မူထူးခြားသူလို့ ထင်မှာထက် ဒီငနဲ လူကန့်လန့်ပဲလို့ ယူဆသွားမှာ။ ဆရာမင်းသိင်္ခရေးခဲ့တာ အတိအကျမဟုတ်ပါဘူး။ မှတ်မိသလောက် သဘောတရားကိုပဲ ပြန်ရေးပြတာ။
ဗဟုသုတစုဆောင်းအား ကောင်းသူတချို့ဆီမှာ အဲဒီလိုအပြုအမူ အပြောအဆိုတွေ တွေ့ရတတ်တယ်။ သူများထက် ထူးပြချင်လို့၊ ကိုယ်ဟာ အများနဲ့ ခြားနားကြောင်း ပြချင်လို့ သင့်၏ မသင့်၏ဆိုတာ ထည့်မတွက်တော့ဘဲ အားသန်ရာအချက်အလက်တွေနဲ့ အမြင်သဘောထားတွေကို အတင်းထုတ်ပြတတ်တာမျိုးပေါ့။ ဒီလိုလူစားတွေမှာ ငါက အများထက် ပိုသိပိုတတ်တယ်ဆိုတဲ့အစွဲ ရှိတယ်။ အများနဲ့ စကားပြောဆို ဆွေးနွေးဖလှယ်တဲ့အခါ အဓိကအကြောင်းအရာပေါ် အာရုံမစိုက်နိုင်ဘဲ ဘယ်နေရာ ငါ ထောက်လိုက်ရင် ကောင်းမလဲဆိုတာမျိုး တွေးနေတတ်တယ်။ နေရာတကာ ရာနှုန်းပြည့် တိကျသေချာပြည့်စုံအောင် ပြောဆိုပြုမူလွန်းတဲ့အခါ တခြားလူတွေအနေနဲ့ ဒီလူ အတော်လက်ပေါက်ကတ်တာပဲ၊ တစ်ယူသန်လွန်းတာပဲ၊ စာအုပ်ကြီးသမားပဲ၊ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်မပြေလောက်ဘူးလို့ ယူဆသွားရော၊ ရှောင်ဖယ်ကြရော။
ဆိုပါစို့၊ သဒ္ဒါနာဇီတွေကို ပမာပြုပြောကြတာတွေ ရှိတယ်။ ‘ ဖြေးဖြေးလျှောက်ပါ။ ချော်လဲမည်။ ‘ လို့ သတိပေးစာ ရေးထားတယ်။ ဖြည်းဖြည်းဖြစ်ရမှာကို သတ်ပုံမှားနေလို့ ယီးမှ ဖြည်းဖြည်း မလျှောက်ဘူးကွာဆိုတာမျိုး။ အဲဒီမှာ ခြေထောက်ကလည်း သတ်ပုံအမှားကြောင့် ငါပါ မကျိုးဘူးကွာဆိုတာမျိုး ဘယ်ဖြစ်မလဲ၊ ကျိုးစရာဖြစ်ရင် ကျိုးမှာပဲ။ လှေကားအဆင်း ‘ ဂေါင်းငုံ့ဆင်းပါ ‘ လို့ ရေးထားတာမှာ သတ်ပုံမှားနေလို့ ယီးမှ မငုံ့ဘူးကွာဆိုရင် မလွတ်တဲ့ထုပ်တန်းနဲ့ ခေါင်းနဲ့ ဆောင့်မှာပဲ။ သတ်ပုံတွေ၊ သဒ္ဒါတွေ၊ ခွဲထားတွေ အရေးမကြီးဘူးလား၊ မှန်ကန်ဖို့ မလိုဘူးလားဆို လိုတာပေါ့။ အများဖတ်ရှုဖို့အတွက် ပုံနှိပ်ထုတ်ဝေတာတွေ၊ ebook, epub ထုတ်ဝေတာတွေမှာ သဒ္ဒါအမှားတွေ မပါအောင် ဂရုစိုက်ရမယ်။ အများဆိုင်နေရာတွေထဲ သတိပေးစာ ရေးတဲ့အခါ အမှားကင်းအောင် ဂရုစိုက်ရမယ်။ ဒါပေမယ့် နေရာတကာ သတ်ပုံ၊ သဒ္ဒါကို အတိအကျဖြစ်ချင်လွန်းနေလို့တော့ မရဘူး။ လူတိုင်းက ဆိုင်ရာပညာရှင်တွေလို သတ်ပုံစာအုပ်၊ သဒ္ဒါစာအုပ်ကို လက်ထဲ အမြဲ ကိုင်နေကြတာမဟုတ်။ ကျွမ်းကျင်ရာနယ်ပယ်အလိုက် ပိုသိပိုတတ်ကြပေမယ့် တခြားနယ်ပယ်တွေမှာ ညံ့နေတာမျိုး ရှိမှာပဲ။ ဒါကို သိသူတတ်သူက တစ်ယူမသန်ဘဲ နားလည်ပေးရမှာ။ နေရာအလိုက် ဆင်ခြင်တုံတရားကို အသုံးချတတ်ဖို့ လိုတယ်။ အဓိကနဲ့ သာမည ခွဲတတ်ဖို့ လိုတယ်။
သဒ္ဒါနဲ့၊ သတ်ပုံနဲ့ ပမာပြမိတော့ ဒီအကြောင်းနဲ့ ဆက်စပ်နေတဲ့စာတစ်ပုဒ် သတိရတယ်။ သူ့အတွေး ကိုယ့်အမြင်စာအုပ်ထဲ ဆရာကြီးဦးအောင်သင်းရေးခဲ့တာ။ ခါတိုင်းလို ကျွန်တော့်အရေးနဲ့ ပြန်မရေးတော့ဘဲ စာနည်းနည်းကိုသာ ကောက်နုတ်ဖော်ပြချင်ပါတယ်။
🟫
A spoon does not know the taste of soup, nor a learned fool the taste of wisdom.
(Welsh Proverb)
ဇွန်းသည် ဟင်းချို၏အရသာကို မသိ။ စာတတ်ပေတတ်လူပေါသည်လည်း ပညာ၏အရသာကို မသိ။
ဘုရားလက်ထက်က စာပေတတ်ကျွမ်းလှသော ရဟန်းကြီးတစ်ပါး ရှိသည်။ စာပေတတ်ကျွမ်းလှသောကြောင့် စာပေမာန်လည်း တက်သည်။ သို့သော် မဂ်တရားကိုတော့ မရသေး။ ရဟန်းကိစ္စ မပြီးသေးဆိုပါတော့။ သူက ရဟန်းကိစ္စ ပြီးလိုသောကြောင့် မြတ်စွာဘုရားထံ သွားပြီး သူနှင့်သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးပါရန် လျှောက်ထားတောင်းပန်သည်။ မြတ်စွာဘုရားက ဤရဟန်းကြီးမှာ စာပေဘဝင်မြင့်နေကြောင်းကို သိတော်မူသည်။ ထို့ကြောင့် ဘုရားရှင်က ” သင့်အတွက် ပေးရန် ကမ္မဋ္ဌာန်း ငါ့မှာ မရှိ။ ဤမည်သော ကျောင်းငယ်လေး၌ သီတင်းသုံးနေသည့် ဤမည်သော ရဟန်းကြီးထံသို့ သွားရောက်၍ ကမ္မဋ္ဌာန်းတောင်းလော့။ သင်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ရလေအံ့ ” ဟု မိန့်တော်မူလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အတော်လေး စိတ်ပျက်သွားမိသည်။ ဘုရားရှင်ညွှန်လိုက်သော ရဟန်းကြီးမှာ စာ လုံးဝ မတတ်။ ထိုရဟန်းကြီးထံမှောက်မှာ ဝပ်စင်းပြီး ကမ္မဋ္ဌာန်းတောင်းရမည်မှာ သိက္ခာကျလွန်းလှသည်မဟုတ်ပါလား။ စင်စစ် ထိုရဟန်းကြီးက စာမတတ်သော်လည်း ရဟန္တာဖြစ်နေလေပြီ။ ဘုရားစကားဖြစ်နေလေသောကြောင့် မပယ်ရှားဝံ့သည်နှင့် ကမ္မဋ္ဌာန်းတောင်းရန် သွားရသည်။ အကျိုးအကြောင်း လျှောက်ထားလိုက်တော့ ရဟန်းကြီးက ကမ္မဋ္ဌာန်းသဘောကို ပြောဆိုမိန့်ကြားသည်။ စာမတတ်ပေမတတ်ဖြစ်လေတော့ အသံထွက်လေယူလေသိမ်းက မကောင်း။ ယခုခေတ်လူငယ်တွေ အသုံးအနှုန်းအရဆိုလျှင် Pronounciation and accent ချွတ်ချော်မှားယွင်းနေသည်ပေါ့။ သည်တော့ စာတတ်ပေတတ်ရဟန်းကြီးက ဤကဲ့သို့ရွတ်ခြင်းမှာ မမှန်ပါ၊ ဤသို့ရွတ်ရပါသည် စသည်အားဖြင့် ပြင်ပေးနေသည်။ သုံးလေးခါလောက် ပြင်ပေးလိုက်သောအခါ ရဟန္တာကိုယ်တော်ကြီးက ” သင်သည် အက္ခရာများပေါ်၌သာ ပျော်မွေ့နေသော ယောက်ျားပေတကား ” ဟု မိန့်ကြားလိုက်သည်။ ထိုအခါတွင်မှ အိပ်မောကျနေသူကို ရုတ်တရက် ရိုက်နှိုးလိုက်သကဲ့သို့ မိမိကိုယ်မိမိ နားလည်နောင်တရသွားပြီး ” တပည့်တော် မှားပါပြီ ဘုရား။ တပည့်တော်ကို ကမ္မဋ္ဌာန်းပေးသနားတော်မူပါ ” ဟု ဝန်ချတောင်းပန်သည်။ ဤသို့အားဖြင့် ရဟန်းကိစ္စပြီးသွားခဲ့ရသည်။
Learned fool ဆိုသည်မှာ ထိုသို့သောသူမျိုးကို ဆိုလိုသည်ဟု ကျွန်တော် ကောက်ယူပါသည်။ (အောင်သင်း)
🟫
စာတတ်ပေတတ်လူပေါ၊ အက္ခရာများပေါ်၌သာ ပျော်မွေ့နေသော ယောက်ျားတဲ့။ စိတ်ထဲ စွဲသွားတဲ့အသုံးအနှုန်းတွေပဲ။ Learned fool ဆိုတာ ဖတ်မိတော့ ‘ ယောက်မသည် ဟင်း၏အရသာကို မသိ ‘ ဆိုတဲ့ လောကနီတိအဆိုကိုပါ သတိရမိကြောင်း ဆရာကြီးက ဆိုတယ်။
ယောက်မဟာ နေ့စဥ်လို ဟင်းတွေနဲ့ ထိတွေ့နေပေမယ့် ဟင်းတွေရဲ့အရသာကို မသိဘူး။ လူတွေထဲမှာလည်း အဓိကကျတဲ့ အနှစ်သာရကို မဖမ်းမိဘဲ အပေါ်ယံကိစ္စတွေမှာ ငြင်းခုံပျော်မွေ့နေသူတွေ အများကြီးပဲ။ ထိတော့ ထိတယ်၊ မတွေ့ဘူးပေါ့၊ အဓိကကို သိမသွားဘူးပေါ့။ အဲဒီလိုလူတွေကို ပညာပေးပုံပြင်တွေနဲ့ စိတ်အားမြှင့်ဇာတ်လမ်းတွေအကြောင်း ဆွေးနွေးတဲ့အခါ တွေ့ရတတ်တယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ဖတ်ခဲ့ဖူးတဲ့စာတစ်ပုဒ် သတိရမိတယ်။ အီစွပ်ပုံပြင်ထဲက ပုရွက်ဆိတ်နဲ့ နှံကောင်အကြောင်းကို ဆင်ခြင်ပြထားတာ။ မတူတဲ့အင်းဆက်အုပ်စုထဲက နှစ်ကောင်မို့ စားသုံးတဲ့ အစာအုပ်စုလည်း မတူနိုင်ကြောင်း၊ နှံကောင်စားသုံးတဲ့အစာက ဆောင်းတွင်းအတွက် စုဆောင်းလို့ မဖြစ်နိုင်ကြောင်း၊ အီစွပ်ပုံပြင်ဟာ ယုတ္တိမတန်ကြောင်း စသဖြင့် တမင်ဖောက်ထွက်ရေးပြထားတာ။ ဆရာ … ရေးတဲ့ တခြားအတွေးတွေထဲ သဘောကျမိတာတွေ ရှိပေမယ့် ဒီတစ်ပုဒ် ရေးထားပုံကိုတော့ သဘောမတွေ့။ သူက သိလျက်နဲ့ တမင်တကာ ကန့်လန့်တိုက်ပြတာမို့ ထားတော့။
တချို့ကျ ထူးခြားမလားဆိုပြီး အဆင်ခြင်မဲ့ ကန့်လန့်တိုက်ပြတာ။ ဒီအကြောင်း ငါပိုသိလို့ နှက်လိုက်မဟဲ့ဆိုတာမျိုး လုပ်ကြတာ။ လောကအမြင်၊ ကိုယ်ကျင့်စံနှုန်း၊ လူမှုဥပဒေသတွေ ထုတ်ပြဖို့ ရေးဖွဲ့တဲ့ ပုံပြင်ဇာတ်လမ်းတွေမှာ အဲဒါမျိုး လိုက်ထောက်နေတာက အဓိကနဲ့ သာမညကို မခွဲခြားနိုင်တာပဲ။ ပုံပြင်ဇာတ်လမ်းတွေထဲ ထောက်လို့ရတာတွေ မရှိဘူးလားဆို ရှိတာပေါ့။ အထူးသဖြင့် သတိထားသင့်တာဆို ယုတ္တိအလွဲ ယုတ္တိအမှားတွေ Logical fallacy, False Analogy တွေပဲ။ ဒါတွေက အန္တရာယ်ကြီးတယ်။ ဘယ်စာတွေမှာ တွေ့ရသလဲဆို ပြည်တွင်းထဲ အဆင်ခြင်မဲ့ရေးကြတဲ့ ပင်ကိုရေး တက်ကျမ်းစာစုတွေ၊ စိတ်အားမြှင့်ဆောင်းပါး/စာစုတွေ၊ ပုတ်ခတ်စာစုတွေမှာ တွေ့ရတယ်။ လိုင်းပေါ် လူဖတ်များရာကနေ စာအုပ်အဖြစ် ထွက်ရှိ/ရောင်းကောင်းနေသူတွေတောင် ရှိတယ်။ စာဖတ်သက်တစ်ခု ဖြတ်သန်းပြီးသူဆိုရင် အဲဒီလိုစာတစ်အုပ်အုပ်ကို ဟိုလှန်ဒီလှန် ဖတ်ကြည့်တာနဲ့ ယုတ္တိအလွဲ ယုတ္တိအမှား ပုံပမာတွေနဲ့ ကောက်ချက်တွေကို သတိထားမိမှာပဲ။ အဲဒီလိုစာဖျင်းတွေက စာစဖတ်သူ လူငယ်တွေအတွက် အန္တရာယ်များတယ်။ ဝမ်းစာမပြည့်ဘဲ ဆင်ခြင်ဉာဏ်မဲ့ ရေးထားတဲ့အတွက်ကြောင့်ကို အန္တရာယ်များတာ။ ဟင်းအရသာမသိတဲ့ ယောက်မက ဟင်းလျာတွေရဲ့အရသာအစုံအလင်ကို လျှောက်ရေးတာမျိုးပဲ။ ဒီလိုအမှားတွေကျ ထောက်ကိုထောက်ပြရမယ်။ စာတတ်ပေတတ်လူပေါတွေကို ပညာရှိတွေနဲ့ တစ်တန်းတည်းထားလို့ မသင့်တော်ဘူး။
#Crdလူသာမန်