နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌တွေ့ဆုံ၍ သြဝါဒစကားမြွက်ကြားရာတွင် “နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့် အနာဂတ် မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန် အတွက် လူရည်ချွန် စီမံကိန်းများအပြင် လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေး၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူငယ်မောင်မယ်တိုင်းက မိမိတို့ဘဝ တိုးတက်မြင့်မားရေးကို အစဉ်တွေးရှုကာ ပညာသင်ကြားရေးကို အလေးထား သင်ယူရမည်ဖြစ်သလို မိဘတိုင်းကလည်း သားသမီးများ၏ ပညာရေး ကိုအားပေးကြရမည်ဖြစ်သည်။
လူငယ်မောင်မယ်များ အနေဖြင့် မိမိကိုယ်တိုင် ပညာရေးကိုကြိုးစား သင်ယူရမည်ဖြစ်သလို ပညာထူးချွန်သည့် လူရည်ချွန်များကိုလည်း အားကျ အတုယူရမည်ဖြစ်သည်။ မိမိသည်လည်း သူတို့လို ထူးချွန်ထက်မြက် အောင်ကြိုးစားမည်ဟူသော စိတ်ထားရှိလျှင် လူငယ်တိုင်းသည် ဘက်စုံထူးချွန်သူများ ဖြစ်လာပေလိမ့်မည်။ ပညာထူးချွန်ပြီး ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာအတတ်ပညာများ တတ်မြောက်သည့် အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း စသည့်ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။
လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် သားကောင်းရတနာများဖြစ်သည်။ ထိုသားကောင်း ရတနာများထဲက လူရည်ချွန်များကို ရွေးချယ်ခြင်းဖြစ်သည်။ လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု လူရည်ချွန်စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် လူရည်ချွန်စီမံကိန်း ကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လူရည်ချွန်စီမံကိန်း အမည်နှင့်ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ရာလာမည့် ၂၀၂၄ ခုနှစ်တွင် နှစ် ၆၀ ပြည့်တော့မည်ဖြစ်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် GRADE-9 လူရည်ချွန် ၁၆၀ ဦး၊ GRADE-10 လူရည်ချွန် ၁၆၀ ဦး၊ GRADE-11 လူရည်ချွန် ၁၅၀ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး ငွေဆောင် စသည့် လူရည်ချွန်စခန်း အသီးသီးကို လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့အဖွဲ့လိုက် စုစုစည်းစည်း သွားလာနေထိုင်လေ့လာကြခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လူရည်ချွန်မောင်မယ်များ အနေဖြင့် အချင်းချင်း ရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့် မိမိတို့သူငယ်ချင်းများ နေထိုင်ရာဒေသ အကြောင်းနှင့် လူရည် ချွန်စခန်းအခြေစိုက်ရာ ဒေသများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ ဒေသန္တရဗဟုသုတများ တိုးပွားစေမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မိမိတို့နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များ ကိန်းအောင်းရှင်သန်လာစေမည်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်မောင်မယ်များ အနေဖြင့် ကိုယ်နှုတ်နှလုံးသုံးပါး ယဉ်ကျေးလိမ္မာပြီး လူမှုရေး အသိစိတ်ဓာတ်များ ရရှိစေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင်ပြေစွာ လိုက်လျောညီထ ွေနေထိုင်တတ်စေရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်စေရန်၊ ဦးဆောင်တတ်သူများ ဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်းများ ဖြစ်စေရန်၊ အသက်အရွယ်အလိုက် ရရှိထိုက်သည့် အခွင့်အရေးများ ရရှိကြရန်၊ အဆိုပါအခွင့်အရေးများ နှင့်လျော်ညီစွာ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်စေရန်၊ လူလိမ္မာနှင့်လူမိုက်ကို ခွဲခြားသိရှိ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ ပညာရှိသူတော်ကောင်းများ၏ သဘော သဘာဝကို သိရှိနားလည်ပြီး အဆိုပါပုဂ္ဂိုလ်များကဲ့သို့ နေထိုင်ပြုမူ ကျင့်သုံးတတ်စေရန်၊ တစ်နည်းအားဖြင့် စိတ်ထားမြင့်မြတ်ပြီး အဘက်ဘက်က ပြည့်စုံသည့် လူရည်ချွန်လူရည်မွန်များ ဖြစ်လာစေရန် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး ဆိုသည့်ဦးတည်ချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။ ။