တောင်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် ဧပြီ ၂ ရက်က တောမီးလောင်ကျွမ်းမှုများဖြစ်ပွားကာ အနီးအနားရှိ ဒေသခံများအား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းလုံးတွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တောမီးလောင်ကျွမ်းမှုစုစုပေါင်း ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ တောမီးလောင်ကျွမ်းမှုများအနက် ကြီးမားသည့်မီးလောင်ကျွမ်းမှုမှာဆိုးမြို့ရှိ အင်ဝမ်တောင်တွင် နံနက် ၁၁နာရီ ၅၃ မိနစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတောမီး ၁၅ ခုခန့်ကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကိုရီးယားသစ်တောအဖွဲ့၏ ပြောကြားချက်ကိုကိုးကား၍ သတင်းဌာနက ထုတ်ပြန်သည်။
အာဏာပိုင်အဖွဲ့သည် တောမီးများကို ငြှိမ်းသတ်နိုင်ရေးအတွက် ရဟတ်ယာဉ်များကို အသုံးပြုခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်ရာပေါင်းများစွာမှာ သုံးနာရီကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုအတွင်း လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကို မသိရသေးသော်လည်း တောမီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဒေသအနီးအနားရှိပြည်သူများကို အာဏာပိုင်များက ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
ထို့ပြင် ဆိုးမြို့တောင်ဘက် ၁၁၀ ကီလိုမီတာအကွာရှိ ဟုန်ဆုန်တောင်ပေါ်တွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုကြောင့် သစ်တော ၂၀၀ ဟက်တာခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
Ref: BNN