တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အကောင်းဆုံး နည်းပြဆရာဆု ( Best Teacher Award) ဆုကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခဲ့ပါတယ်။
Best Teacher Award ဆုကို ဆရာ၊ ဆရာမများ အချင်းချင်း အကဲဖြတ်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ၏ အကဲဖြတ်ခြင်းတို့မှ ရရှိလာတဲ့ အမှတ်များထဲကမှ အထူးပြုဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိတဲ့ ဆရာ/ဆရာမများကို ချီးမြှင့်ပေးတာလို့ သိရပါတယ်။
တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှာ လက်ရှိတက်ရောက်နေဆဲ စတုတ္ထနှစ် ကျောင်းသူတစ်ဦးရဲ့ ရင်တွင်းစကားကတော့ “သမီးတို့ကျောင်းက ဆရာ/ဆရာမတွေက တော်တယ်၊ နိုင်ငံခြားပြန်တွေ၊ ပါရဂူတွေ ဆိုလည်း အများကြီးပဲ၊ စာသင်ရင်လည်း သူတို့ရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေနဲ့ ဆက်စပ်ပြီးသင်ပြတော့ နားလည်လွယ်တာပေါ့၊ ဒီလိုတက္ကသိုလ်မျိုးမှာ တက်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လေ”
တတိယနှစ် သင်တန်းသားတစ်ဦးကို မေးမြန်းရာမှာတော့ “ကျနော်တို့ ဆရာ/ဆရာမတွေက တော်ပါတယ်၊ စာသင်ကောင်းသလို၊ စည်းကမ်းလည်းကြီးတယ်၊ သဘောကောင်းသလောက် စည်းကမ်းဖောက်ရင်လည်း လုံးဝခွင့်မလွှတ်ကြဘူး၊ စာသင်ချိန်တွေမှာတော့ ပျော်ဖို့ကောင်းတယ်၊ လက်တွေ့ခန်းတွေမှာကလည်း အဆင့်မြင့်စက်ကိရိယာတွေ ရှိတော့ တကယ့် လုပ်ငန်းခွင်အတိုင်းကို လေ့ကျင့်လို့ရတယ်လေ”
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သည် ၂၄-၂-၂၀၀၀ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ ခုဆိုရင် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သက်တမ်းရင့် တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။
တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” ဆိုတဲ့အတိုင်း တပ်မတော်နှင့် နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်စောက်မှု လုပ်ငန်းများအတွက် လိုအပ်တဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ သူနာပြုနှင့် ဆေးဘက်ပညာသည်များ နှစ်စဥ်မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။