ဖေဖော်ဝါရီ – ၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။



