၁၉၈၅-၈၆ဝန်းကျင်။
ကျွန်တော့်ရုံးခန်းကို သူလာလေ့မရှိ။ ကျွန်တော်ကသာ အားရင်သူ့ ရုံးခန်းမှာ သွားထိုင် တတ်သည်။ သူကတပ်ရေးဗိုလ်ကြီးဆိုတော့ အလုပ်ပိုရှုပ်သည်။ တပ်ရင်းမှူးအခန်းနှင့် ကပ်လျက်နေရပြီး တပ်ရင်းမှူး၏ မကြာခဏခေါ်ခြင်းကို ခံနေရသူဖြစ်သည်။ ကိုအောင်မျိုးမြင့်နှင့် ကျွန်တော်က တစ်ပတ်စဉ်ထဲ မဟုတ်ပေမဲ့ တစ်နှစ်ထဲမှာ ကျောင်းဆင်းကြသည့် အရာရှိများဖြစ်သည်။ လက်ရှိတပ်သည် ကိုအောင်မျိုးမြင့်၏ ပထမဦးဆုံး မိ ခင်တပ်ရင်းဖြစ်သော်လည်း ကျွန်တော်အတွက်တော့ တတိယမြောက်တပ်ဖြစ်နေသည်။ တပ်ရင်းမှူးက ကျွန်တော်တိုနှစ်ယောက်ကို တပ်ရေးဗိုလ်ကြီးနှင့် တပ်ထောက်ဗိုလ်ကြီး တာဝန်ပေးထားသည်။ ” ဆရာသမား… မလာစဖူး ကျွန်တော့်ရုံးခန်းကို ကြွလာလိုပါလား” ” ကိုကျော့်ကိုပြောစရာရှိလို့ဗျာ၊ ပြောချင်လွန်းနေတာနဲ့ ခင်ဗျား အလာကို မစောင့် တော့ဘဲ ထွက်လာခဲ့တာ” ရုံးခန်းထဲဝင်ထိုင်ရင်း ပြောလိုက်သောစကားကြောင့် အကြောင်းအရာကို ပိုသိချင်လာသည်။ ပြောမည်လုပ်ပြီးမှ… ” လာပါဗျာ… ကျွန်တော့်ရုံးခန်းသာ လိုက်ခဲ့ပါ၊ ပြစရာရှိတယ်” သူထွက်သွားသည့်နောက်ကို ကျွန်တော်လိုက်ခဲ့ရသည်။ သူ့ရုံးခန်းထဲ ရောက်တော့ ဖိုင်တွဲတစ်ခုကို ကျွန်တော့်လက်ထဲ ထိုးထည့်လိုက်သည်။ ဖွင့်ကြည့်ဆိုသည့်သဘော မျက်ရိပ်ပြသည်။ ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ လက်ထပ်ခွင့်တင်ပြထားသည့် ဖိုင်တွဲမှန်း သိလိုက် သည်။ ဘယ်အရာရှိ မင်္ဂလာဆောင်မှာလဲ။ ဗိုလ်ဌေးဝင်း၏ လက်ထပ်ခွင့်။ ဘာများထူးလို့ပါလိမ့်။ သူလည်း၁၉၈၃ခုနှစ် ကျောင်းဆင်းအရာရှိ ဖြစ်လို အိမ်ထောင် ပြုရင်ပြုလို့ရနေပြီပဲ။ ဗိုလ်ဌေးဝင်းက ကျွန်တော်နှင့်ဆို သုံးနှစ်ငယ်သည်။ အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်ဟု ဆိုရပေမည်။ အီကွင့်မင့်ဝတ်ပြီး သေနတ်လွယ်ထားရင် သိပ်ပြီးကြည့် ကောင်းသူဖြစ် သည်။ အတွေးတွေစီးမျောလိုကောင်းနေတုန်း ကိုအောင်မျိုးမြင့် လက်ညှိးက သတိုသမီး၏ ဓာတ်ပုံနေရာကို ထောက်ပြနေသည်။ ” ဟင်” အာမေဋိတ်ပင်ထွက်သွားပြီး အတွေးတွေအကုန် ပြောင်းသွားလေပြီ။ နှုတ်ကတောင် လွှတ်ခနဲထွက်သွားမိသည်။ ” နိုင်ငံတော်ခင်စိန်” ” ဟုတ်တယ်… အဲ့ဒါကို ပြောချင်လို့”