SCHOLL


ဆွဲငင်အားကြောင့်လား ၊ ရမယ်ရှာတယ်ပဲ ဆိုရမလား။ သင်္ကြန်အပြီး တစ်ပတ်အကြာလောက်မှာ ဖိနပ်ဆိုင်လေးကို ရောက်ဖြစ်ပါတယ်။ ဖိနပ်ကလည်း ထပ်ဝယ်ဖို့မရှိ သေးတော့ ဟိုကြည့် ဒီကြည့်ပေါ့။ ” သမီး…ရောင်းလို့ကောင်းလား” ရှမ်းမလေးက ကိုယ့်ကိုတွေ့လိုက်တာနဲ့ မျက်နှာမှာ အပြုံးတစ်ချက် လွင့်သွား တယ်။ ပါးချိုင့်လေးက လှလိုက်တာ။ ” ပုံမှန်ပါပဲ အဘ” ဝေ့ဝိုက်ပြီး နဖူးပေါ်ကျလာတဲ့ အဖြောင့်ဆံပင်လေးကိုခါပြီး ပြန်ပြောလိုက်ပုံက တိုးနယားလေးကနေသလို။ ထူးခြားတာက ကိုယ့်ကို တစ်ခုခု ပြောချင်နေမှန်း ရိပ်မိတယ်။ အေးလေ…ရာထူး ဋ္ဌာနန္တရကြောင့်သာ အဘ အခေါ်ခံနေရပေမဲ့ ကိုယ်တွေရဲ့ ငယ်ရုပ်တွေကလည်း မခေခဲ့ဘူးလေ။ ခုထိခန့်တုန်း။
” အဘကို စကားနည်းနည်းပြောချင်လို့”
မှန်းထားရင် မလွဲတတ်ပါဘူး။ အကြည့်တွေရယ်..ရင်ခုန်မှုတွေရယ်နဲ့ အဖြေတစ်ခုကို ရှာရဦးမှာပေါ့”
” ပြောလေသမီး…”
ထွက်လာတော့မဲ့ စကားသံကို ပြန်ပြီးမျိုသိပ်လိုက်ပုံရတယ်။ မိန်းကလေးဆိုတော့ ရှက်ပေမပေါ့။
” မပြောတော့ပါဘူး အဘရယ်… နောက်မှပဲ”
ပဟေဠိဆန်လိုက်တဲ့ ရှမ်းမလေးရယ်။
ရင်ခုန်မိသူက ကိုယ်ရယ်ပါလို့..။
ဆိုင်ရှေ့က ပြန်ထွက်လာတဲ့အထိ ရင်ထဲက တစ်ခုခုပဲ စကောလ်ဆိုင်လေးမှာ ကျန်ခဲ့သလိုနှင့်။

အလုပ်တွေ ရှုပ်နေတာနဲ့ စိတ်သွားတိုင်းကိုယ်မပါခဲ့ပါ။ ခရီးတစ်ခုကလည်း ထွက်လိုက်ရသေးတယ်။ သင်္ကြန်အပြီး တစ်လအကျော်လောက်ရောက်မှ ရှမ်းမလေးရဲ့ ဖိနပ်ဆိုင်ရှေ့ ပြန်ရောက်လာရတယ်။ ” ဟယ်… အဘ” သူမ ဝမ်းသာသွားမှုက အတိုင်းအဆမရှိ။ သိနေတယ်လေ။ ရင်ဘတ်ချင်းဆက်သွယ်မှုက မြန်တတ်ရန်ကော။ ” သမီး နေကောင်းလား… အဘလည်း ခရီးသွားနေလို့” ” သမီးလည်း အဘကို နေ့တိုင်း မျှော်နေမိတာ” ဒါက ဖြစ်တတ်တဲ့ သဘာဝ။ တစ်ယောက်ကသတိရ နေမှတော့ တစ်ယောက်ဆီ လည်း ရောင်ပြန်ဟပ်ပေမပေါ့။ ” အဘကို သမီး..ဒီတစ်ခါတော့ ပြောမှရတော့မယ်” လူကြီးဆန်တဲ့ အပြုံးလေးနဲ့မခို့တရို့။ ” ပြောလေသမီး.. အဘနားထောင်ပေးလို့ ရပါတယ်” မျက်ဝန်းနဲ့ အမူအရာက ရှိုးတိုးရှန်းတန်း။ ဘေးပတ်ဝန်းကျင်ကိုလည်း လည်ပြန် ကြည့်လိုက်သေး။ ပြီးမှ နားနားကို ကပ်လာတယ်။ ရေမွေးနံ့နဲ့ ရောနေတဲ့ ကိုယ်သင်းနံ့ လေးက နှလုံးသား အစွန်းထိ ရောက်သွားသလို။ ” ပြောရမှာ အားတော့နာပါတယ်…ဟိုလေ… အဘဝယ်သွားတဲ့ စကောလ်ဖိနပ်ဖိုး မရသေးလို့ပါ” ” ဟင်”.. သေစမ်း။ ခြေထောက်လေးပင် ရောင်ပြီးဝှက်လိုက်မိတယ်။ ရှက်လိုက် ပါဘိ။ ” ဟိုလေ… အဘနဲ့ ပါလာတဲ့ ဦးစီးအရာရှိလေး လာမပေးဘူးလား” ” သမီးတို့လည်း လာပေးနိုးနဲ့ စောင့်နေတာ… ဟိုတစ်ခေါက် အဘလာတော့ လည်း ပြောမလို့ဟာ.. အားနာလို့ရယ်… ခုမှပြောဖြစ်တော့တာပါ” ” ရပါတယ် သမီးရယ်… ရော့ရော့ ဖိနပ်ဖိုး” ရှမ်းမလေးရဲ့ အပြုံးက ပိုပီပြင်သွားရှာတယ်။ ဒေါသတွေက ဦးစီးအရာရှိ ဆိုတဲ့သူ ဆီ ပုံကျသွားတော့တယ်။ ကိုယ့်ဖာသာ ပေးပါ့မယ် ဆိုတာကို နှစ်သစ်ကာလကြီးမှာ ကုသိုလ်ယူချင်သလေး၊ သားတို့စိတ်မကောင်း ဖြစ်အောင် မလုပ်ပါနဲ့လေး ဘာလေးနဲ့ မူးမူးရူးရူး ပြောသွားလိုက်တာ။ မေးကြည့်တော့ အဲ့ဒီ့အရာရှိက သင်္ကြန်မတိုင်ခင် ပြောင်းမိန့်ကျလို့ လာလဲမဲ့သူကို စောင့်နေတာတဲ့။ ခုတော့ တောင်ကြီးကို ပြန်သွားပြီတဲ့။ လုပ်ရက်လိုက်တာ။ နေရင်းထိုင်ရင်း အိပ်ပျော်နေတဲ့ နှလုံးသားတောင် ခေါင်းထောင်သွားမိတယ်။ ပြန်တွေ့လို့ကတော့ နားပန်တစ်ချက်လောက် အုပ်လိုက်ချင်ရဲ့။ ဒီမှာတော့ စကောလ်တွေ့တိုင်း မျက်ရည်ဝိုင်းရတဲ့အဖြစ်။ နွမ်းလျှသော အရွေ့နဲ့အတူ ရှမ်းမလေးရှေ့က ထွက်ခွာသွားသူကတော့…..။