မြစ်ကြီးနားမြို့နှင့် ဒလမြို့နယ်ရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ  သံဃာတော်များအား  အဆိုပါမြို့ရှိ  အေးစေတီကျောင်းတိုက်၌အခြေပြု၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၀ ပါးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နှင့်ပတ်ဝန်းကျင်ရပ်ကွက်များရှိ သံဃာတော်၁၁ ပါးနှင့် ဒေသခံပြည်သူ  ၁၃၂ ဦးတို့အား အဆိုပါရပ်ကွက်ရှိ အောင်တော်မူကျောင်းတိုက်၌ အခြေပြု၍ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့   ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတပ်နယ်များမှတာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *