ဧရာဝတီတိုင်းဒေသကြီးဂုဏ်ဆောင်စပါးမျိုးဖြစ်သည့် ပုသိမ်ပေါ်ဆန်းမွှေးအား မူလမွှေးရနံ့နှင့်အရည်အသွေးများပြန်လည်ရရှိအောင် ပုသိမ်တက္ကသိုလ် စမ်းသပ်စိုက်ခင်း၌ သုတေသနပြုစမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။
ထိုသို့စမ်းသပ်စိုက်ပျိုးထားမှုကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စမ်းသပ်စိုက်ခင်းတွင် ပေါ်ဆန်းရင်မျိုးစပါးကို အသုံးပြုစိုက်ပျိုးထားရှိပြီး မြေအချဉ်ဓာတ်လျှော့ချကာ pH တန်ဖိုး မြင့်တက်စေရန် ဒိုလိုမိုက်ထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ခြင်းတို့ကို ဆောင်ရွက်ထားရှိမှု၊ သဘာဝမြေဩဇာများအသုံးပြု၍ သီးနှံပင်၏သဘာဝအတိုင်းရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိစေရေးကို အလေးထားဆောင်ရွက်ထားရှိမှု၊ ထူးခြားချက်အနေဖြင့် အကျိုးပြု အဏုဇီဝသက်ရှိများနှင့် Nano (နာနို)နည်းပညာတို့ကို အသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေ၊ သဘာဝမြေဩဇာနှင့် အဏုဇီဝနည်းပညာအသုံးပြုမှု၊ စပါးပန်းပွင့် ချိန်နှင့် ရိတ်သိမ်းမည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးပြီး သုတေသနလုပ်ငန်းများ အောင်မြင်မှုရှိစေရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဝဲဒေါင့် ရပ်ကွက်ရှိ MILLCO ပေါင်းဆန်စက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆန်စက်တာဝန်ခံနှင့် တာဝန်ရှိသူများက ဆန်စက်လည်ပတ် ဆောင်ရွက်နေမှု၊ နည်းပညာမြင့်ဆန်ကြိတ်ခွဲစက်ရုံ လုပ်ငန်းလည်ပတ်မှု အဆင့်ဆင့်နှင့်ပေါင်းဆန် အပါအဝင် ဆန်ဖြူ၊ ဆန်ကွဲကြိတ်ခွဲတင်ပို့မှု၊ ပြည်ပတင်ပို့မှု၊ စပါးကုန်ကြမ်းဝယ်ယူရရှိမှုနှင့် ဈေးကွက်ရရှိမှုနှင့်စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
