နိုင်ငံတော်အစိုးရအနေဖြင့်ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကိုထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအားရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့် အပြင်ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေး ယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီ ခန့်တွင် ကျေးသီးမြို့နယ်၊ နောင်ဝူးကျေးရွာ၏ တောင်ဘက်မီတာ ၂၅၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၄၀ ပေ အနံ ၂၀ ပေရှိ ယာယီလူနေတဲ ၂ လုံး၊အလျား ၄၀ ပေ အနံ ၃၀ ပေရှိ ယာယီအလုပ်ရုံ ၁ လုံး၊ ပေ ၂၀ပတ်လည်ရှိ ယာယီစားချက်ဆောင် ၁ လုံး၊ ပေ၃၀ ပတ်လည်ရှိ ရေကန် ၁ ကန်၊ မီးစက် ၁ လုံး၊ FREEZER ၁ လုံး၊ပန်ကာရှည် ၂ လုံး၊ ROUTER ၆ လုံး၊ ALL IN ONE COMPUTER ၂ လုံး၊ STARLINK ၂ ခု၊ ဖုန်းမျိုးစုံ ၄၀ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၄၀ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိ သူ များအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်း သုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။