သဲဆန်သောမြေမှာ စိုက်လို့ရပါမလား။

မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံအရ သဲမြေ၊ နုန်းမြေ နှင့် ရွှံ့စေးမြေဆိုပြီး ၃ မျိုးရှိပါတယ်။

၎င်းတို့အနက် သဲဆန်သောမြေများသည် သဲမှုန်အရွယ်အစားကြီးပြီး ကြမ်းရှရှဖြစ်ကာ ရေထိန်းစွမ်းအားနည်းသည့်အပြင် ခြောက်သွေ့မှု လျှင်မြန်ပါတယ်။ အာဟာရဓာတ်ပါဝင်မှုနည်းပြီး သီးနှံပင်အသုံးမပြုခင်ကတည်းက ရေနှင့် အာဟာရဓာတ်များပါ မြေအောက်သို့စိမ့်ဝင်လျော့နည်းနိုင်သည်။

သဲမြေများတွင် သီးနှံများ စိုက်ပျိုးမည်ဆိုပါက အောက်ပါအားသာချက် ၊ အားနည်းချက်နှင့် ပြုပြင်ဆောင်ရွက်သင့်သော အချက်များကို မဖြစ်မနေသိထားသင့်ပါတယ်။

သဲဆန်သောမြေ၏ အားသာချက်များ –

ရေသွင်းလွယ်ကူလျှင်မြန်ခြင်း၊ မိုးသည်းထန်စွာရွာပြီးပါက ရေထုတ်ရလွယ်ကူခြင်း

မြေသွားမွနေပြီး တူးဆွရလွယ်ကူးခြင်း၊ အမြစ်ဆင်းအားကောင်းပြီး အမြစ်ပိုထွက်ခြင်း

အပင်ပေါက်မြန်ခြင်း

သီးနှံပင်နှုတ်သိမ်းသည့်အခါ နှုတ်ရလွယ်ကူခြင်း

သဲဆန်သောမြေ၏ အားနည်းချက်များ

နွေရာသီတွင် ခြောက်သွေ့မှုပိုမိုလျှင်မြန်ခြင်း

မိုးရွာသွန်းပါက မိုးရေနှင့်အတူ အစာအာဟာရများမျောပါသွားပြီး အစာနှင့် ရေထိန်းစွမ်းအားနည်းခြင်း

ရေထိန်းစွမ်းအားနည်းခြင်းကြောင့် ရေခနခန ပေးသွင်းရပြီး ရေလိုအပ်ချက်မြင့်မားခြင်း

သီးနှံပင်မှ လိုအပ်သော အာဟာရဓာတ်များကို ပြည့်ပြည့်ဝဝမရရှိဘဲ ချို့တဲ့မှုဖြစ်နိုင်ခြင်း

သဲဆန်သောမြေတွင် လုပ်ဆောင်သင့်သောအဓိက အချက်များ

၁။ အာဟာရ ဓာတ်များ ထိန်းထားနိုင်ဖို့ သဘာဝ သစ်ဆွေးမြေသြဇာများထည့်ပေးခြင်း ။ တီကျစ်စာ၊ အုန်းဆံခွံ၊ အုန်းဆံမှုန့်နဲ့ ရေညှိခြောက်ကဲ့သို့သော ပစ္စည်းအားလုံးဟာ သဲမြေရဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်စေမှာ ဖြစ်ပါတယ်။ သဲဆန်သောစိုက်ခင်းမြေပေါ်မှာ မြေဆွေး (သို့မဟုတ်) သက်တမ်းရင့် တိရိစ္ဆာန်စွန့်ပစ်မြေဩဇာများကို ၃ – ၄ လက်မခန့်အထူ ဖြန့်ပြီးနောက် ဂေါ်ပြား (သို့မဟုတ်) ပေါက်ပြားကိုအသုံးပြုကာ စိုက်ခင်းမြေရဲ့ အပေါ်ယံ ၆ – ၈ လက်မအတွင်း ရောမွှေပေးရမှာ ဖြစ်ပါတယ်။

၂။ နှစ်စဉ်နှစ်တိုင်း မြေဆွေး သေစ်ရွက်ဆွေး ၂ လက်မလောက်ထည့်ပေးခြင်း။ သဲဆန်တဲ့စိုက်ခင်းမြေတွေဆိုရင် သဘာဝမြေဆွေးကို အနည်းဆုံး ၂ လက်မခန့်ကို နှစ်စဉ်ပုံမှန်ထည့်ပေးခြင်းဖြင့် အာဟာရဓာတ်ပမာဏကို တိုးမြင့်လာစေမှာဖြစ်ပြီး အော်ဂဲနစ်ပစ္စည်းများကို ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

၃။ သီးနှံပင်များစိုက်သည့်အခါ သစ်ရွက် ကောက်ရိုး သစ်မွှစာများအသုံးပြု၍ မြေဖုံးပေးခြင်း။ မြေဆွေးကဲ့သို့ပင် မြေဖုံးပေးခြင်း (mulching) ဟာလည်း သဘာဝအလျောက် ယိုယွင်းနေတဲ့ သဲဆန်သောမြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပြီး ရေထိန်းသိမ်းမှုနဲ့ အာဟာရဓာတ်အဆင့်ကိုလည်း မြှင့်တင်ပေးပါတယ်။ မြေဖုံးပေးခြင်းဟာ ရေငွေ့ပျံခြင်းကို ကာကွယ်ပေးနိုင်ပြီး မြေဆီလွှာရဲ့အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ အစိုဓာတ်ကိုထိန်းထားနိုင်တာကြောင့် ပူပြင်းခြောက်သွေ့တဲ့အချိန်မှာ ရေငတ်ဒဏ်ခံရခြင်းကနေ ကာကွယ်ပေးနိုင်သလို မိုးသည်းထန်စွာရွာသွန်းတဲ့ အခြေအနေမျိုးမှာလည်း မြေဆီလွှာတိုက်စားခံရခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြေဖုံးပစ္စည်းအဖြစ် သစ်ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုးခြောက် စတာတွေကို အသုံးပြုနိုင်ပြီး စိုက်ခင်းမြေပေါ်မှာ ၂ – ၄ လက်မခန့်အထူ ဖြန့်ခင်းပြီး အသုံးပြုနိုင်ပါတယ်။ မြေဖုံးပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း ဆွေးမြည့်ပြိုကွဲသွားမှာ ဖြစ်တာကြောင့် လိုအပ်ပါကထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

၄။ သစ်စိမ်းမြေသြဇာနှင့် Cover Crop များစိုက်ပျိုးပေးခြင်း

မုန်လာဥနီ၊ မုန်လာဥအဖြူ ၊ အားလူး ၊ ခရမ်းချဉ်၊ ငရုတ် ၊ စတော်ဘယ်ရီ၊ မုန်ညင်း နှင့် ဥစားသီးနှံများစိုက်ပျိုးသင့်ခြင်း။ ရဲနှင့် ပြောင်းကဲ့သို့သော အာဟာရဓာတ် စားသုံးမှုများတဲ့ သီးနှံတွေကို သဲဆန်တဲ့မြေမှာ စိုက်ပျိုးမယ်ဆိုရင် အပင်တွေကောင်းစွာ ရှင်သန်ကြီးထွားနိုင်မှာ မဟုတ်ပါဘူး။ မြေဆီလွှာကို သြဂဲနစ်ဒြပ်စင်များနဲ့ ပြုပြင်ထားပေမဲ့လည်း အဆိုပါအပင်များဟာ မြေသြဇာကို ထပ်မံလိုအပ်နေအုံးမှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ အမြစ်စား (ဥစား) သီးနှံများဟာ သဲဆန်တဲ့နေရာတွေမှာ အကောင်းဆုံးဖြစ်ထွန်းနိုင်ကြတာ ဖြစ်ပါတယ်။ 

သဲဆန်သောမြေများတွင် ရေပေးသွင်းပါက သီးနှံပင်အမှန်တကယ်လိုအပ်သော ရေပမာဏနှင့် အချိန်ကို ချိန်ဆပေးသွင်းရမည် ရေများများပေးမိပါက ရေတင်ခကုန်ကျစရိတ်များခြင်း၊ အမြစ်ဇုန်အောက်မှ မြေအောက်ရေထိ အာဟာရဓာတ်များမျောပါသွားနိုင်ခြင်းများဖြစ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *