ထိုင်းနိုင်ငံတောင်ပိုင်းရှိ နယ်စပ်ဒေသတွေမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လအထိဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် လူပေါင်း ၃၂၇၀ ထိခိုက်သေဆုံးရပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၂၇၁ ခုအထိ ရှိခဲ့တယ်လို့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
ဒီအချက်အလက်တွေကို တောင်ပိုင်းနယ်စပ်ဒေသ အုပ်ချုပ်ရေးဌာနနဲ့ ဒေသတွင်းသတင်းဌာနတစ်ခုတို့က ဩဂုတ်လ၂၃ ရက်မှာထုတ်ပြန်လိုက်တာပါ။ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာအကြမ်းဖက်မှု ၁၇၅ မှုအထိရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၅၇ မှုအထိ လျော့ကျသွားခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ပြန်လည်မြင့်တက် လာပြီး ၂၀၂၄ ခုနှစ်မှာ အကြမ်းဖက်မှုပေါင်း ၁၇၀ အထိများပြားလာခဲ့တာဖြစ်ပါတယ်။
အမှတ် (၄) စစ်ဒေသမှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ်ပွိုင်နော့ကတော့ အခုနောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးနဲ့ တရားမဝင်မှောင်ခိုဂိုဏ်းနှိမ်နင်းမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတာကြောင့် အဲဒီအပေါ်မှာလက်စားချေတဲ့အနေနဲ့ အကြမ်း ဖက်မှုတွေလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် ယာရန်ခရိုင်မှာပြုလုပ်တဲ့စစ်ဆင်ရေးမှာ စီးပွားရေးအရထိခိုက်သွားတဲ့ အကြမ်းဖက်အဖွဲ့တွေက အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထား လက်စားချေတာလို့ ယူဆရပါတယ်။ ဒါ့အပြင် လေကြောင်းမှပစ်ခတ်တယ်ဆိုတဲ့ သတင်းလွှင့်မှုတွေကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ်က ငြင်းဆိုလိုက်ပြီး ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို စုံစမ်းထောက်လှမ်းဖို့အတွက်ပဲ အသုံးပြုတာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။
ဩဂုတ်လ ၂၂ ရက်ညမှာတော့ တောင်ပိုင်းပြည်နယ်သုံးခုရှိ ခရိုင်ပေါင်း ၂၁ ခုမှာဗုံးခွဲမှု၊ မီးရှို့မှု၊ ပြည်သူပိုင် ပစ္စည်းများဖျက်ဆီးမှု စတဲ့အကြမ်းဖက်မှုပေါင်း ၅၁ ခုဖြစ်ပွားထားပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမှာ လူနှစ်ဦးဒဏ်ရာရရှိထားပြီး အစိုးရအနေနဲ့ အရေးပေါ်တုံ့ပြန်မှုတွေ လုပ်ဆောင်နေပါတယ်။ Ref: TN
