နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသောရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း ၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက်အိုးအိမ်စည်းစိမ် ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ယင်းနောက်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအားဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
