ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးမှုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင် ဦးစားပေးရှင်းလင်းမည်

နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တိုတွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးစွာ သွယ်တန်းထားမှုများကို အစီအစဉ်တကျ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။

ဇွန် ၁၉ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်မဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ အချိုသော ကုမ္ပဏီများ၏ ဖိုင်ဘာကေဘယ် သွယ်တန်းမှုများကြောင့် မြို့ပြအလှအပနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တိုကို စံပြမြို့များအဖြစ် သတ်မှတ်ကာ ပထမဦးစွာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖိုင်ဘာကေဘယ်များ ရှင်းလင်းခြင်း၊ ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုကို Port Sharing စနစ်ဖြင့် လျှော့ချခြင်းနှင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီသည့် အမြင်တင့်တယ်သော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

အလားတူ မြေပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်များကို မြေအောက် ဖိုင်ဘာကေဘယ် (Underground Fiber Cable) စနစ်သို အဆင့်ဆင့် ပြောင်းရွှေ့တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က မြို့နယ်အသီးသီးတွင် အသုံးပြုနေသော အင်တာနက်နှင့် ဝိုင်ဖိုင်ကြိုးများကို စနစ်တကျ သွယ်တန်းအသုံးပြုနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ပြီး အစီအမံများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *