လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်နိုင်ရေးနှင့် ခေတ်စနစ်နှင့် ကိုက်ညီသည့် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၁၀၀ ကျော်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၄) ရပ်ရှိသည့်အနက် ဥပဒေကြမ်းကော်မတီသည် ဥပဒေပြုရေးလုပ်ငန်းစဉ်၌ အဓိကကျသည့် ကော်မတီတစ်ရပ်ဖြစ်ကြောင်း၊ ဥပဒေကြမ်းများ ရေးဆွဲပြုစုခြင်းအပြင် တည်ဆဲဥပဒေများသည် လက်ရှိခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“တည်ဆဲဥပဒေများတွင် မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၁၀၀ ကျော်ရှိပြီး ယင်းဥပဒေများအနက် လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်နိုင်ရေး သုံးသပ်ဆောင်ရွက်ရမည်ဖြစ်သည်” ဟု ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် လက်ရှိ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပြီဖြစ်ရာ ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ အစီရင်ခံစာတင်သွင်းနိုင်ရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသည့် ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဥပဒေများ၊ ဉာဏ်ရည်တု (AI) ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုဥပဒေများ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေများ (Data Privacy Law) နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အားပေးမြှင့်တင်နိုင်ရန် ကျောင်းအခြေပြု အားကစားဆိုင်ရာဥပဒေနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
လက်ရှိတည်ဆဲဥပဒေများအနက် မူးယစ်ဆေးဝါးမှု၊ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေများ၏ ပြစ်မှုနှင့် ပြစ်ဒ-ဏ်ပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ပြန်လည်သုံးသပ်ကာ ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
