ရုရှားက ယူကရိန်း၏ ကိယက်ဗ်မြို့တော်ကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

ရုရှားနိုင်ငံသည် မေ ၂၄ ရက်က ယူကရိန်း၏ ကိယက်ဗ်မြို့တော်ကို ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်းအပါအဝင် ဒရုန်းများ၊ ဒုံးကျည်များဖြင့် အစုလိုက်အပြုံလိုက်တိုက်ခိုက်ခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံကအသုံးပြုခဲ့သည့် အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သည် Oreshnik ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ယင်းသည် လေးနှစ်ခန့်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲအတွင်း ရုရှားဘက်က ဟိုက်ပါဆောနစ်ဒုံးကျည်ကို တတိယအကြိမ်မြောက် အသုံးပြုခြင်းဖြစ်သည်။

ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် ယူကရိန်းမြို့တော်တစ်လွှားရှိ အစိုးရရုံးခန်းများ၊ လူနေအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဈေးတစ်ခုအပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး လူ ၈၃ ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရမှုများကြောင့် မြို့လယ်ခေါင်နှင့် အစိုးရအဆောက်အအုံများ အနီးအနားတွင် ပြင်းထန်သော ပေါက်ကွဲသံများကို ကြားခဲ့ရပြီး မြို့အနှံ့တွင် မီးခိုးများ ထွက်ပေါ်နေကြောင်း အေပီ သတင်းထောက်များက ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဒရုန်း စုစုပေါင်း အစင်း ၆၀၀ နှင့်အတူ ဝေဟင်၊ ရေပြင်နှင့် မြေပြင်တို့မှ ပစ်လွှတ်သည့် ဒုံးကျည်အစင်း ၉၀ ပါဝင်ခဲ့ကြောင်း ယူကရိန်းလေတပ်၏ ထုတ်ပြန်ခဲ့သည်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်း ၅၄၉ စင်းနှင့် ဒုံးကျည် ၅၅ စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကာ အခြားဒုံးကျည် ၁၉ စင်းခန့်မှာမူ ပစ်မှတ်များသို့ ရောက်ရှိခြင်းမရှိဘဲ ပျက်ကျသွားခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *