နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၃၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၃ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ် မှ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ၁ ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ၂ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁၂ ဦး၊ အင်္ဂပူမြို့နယ်မှ ၃ ဦး၊ရေကြည်မြို့နယ်မှ ၂ ဦး၊မော်လမြိုင်ကျွန်းမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၄ ဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA-1 သေနတ် ၃ လက်၊ M-22 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၃၃၈ တောင့်နှင့် ကျည်အိမ် ၆ ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၅ လက် အတွက် ငွေကျပ်သိန်း ၂၅၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၉၃ သိန်း၊ စုစုပေါင်းငွေကျပ် ၃၄၆ သိန်းကိုပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည် –
“ကျွန်တော်တို့ စည်းရုံးရေးမှာ ကျွန်တော့်ကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်ထောက်ပံ့မယ်ပေါ့။ ပြီးတော့ ကျွန်တော်စစ်တိုက်စရာလည်းမလိုဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ ကျွန်တော် သူတို့ရဲ့ အလိမ်အညာစကားမှာ နားယောင်ပြီးလိုက်သွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ရှေ့မှာ သေကျေပျက်စီးနေရတာတွေက နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့အတွက် အပြင်က ကျွန်တော့်မိသားစုရှိတဲ့နေရာကို ကျွန်တော်သတိလည်းရတယ်၊ လွမ်းလည်းလွမ်းတဲ့အတွက်ပြီးတော့ ကျွန်တော် လျှောက်နေတဲ့လမ်းက မှားတယ်ဆိုတာ သိတဲ့အတွက် အချိန်မီ ကျွန်တော်လမ်းမှန်ကိုပြောင်းဖို့အတွက် တပ်မတော်ကလည်း နွေးနွေးထွေးထွေး ကြိုဆိုတယ်ဆိုတာ သိရတော့ အလင်းဝင်လာရခြင်းဖြစ်ပါတယ်။ ကျွန်တော်အခုအရမ်းပျော်နေတယ်။ ပီတိလည်းဖြစ်ပါတယ်။ ကျွန်တော့်မိသားစုလည်း အခု ကျွန်တော်နဲ့ထပ်တူပျော်ရွှင်နေပါတယ်။ သူတို့မိသားစုကိုလည်း ပျော်ရွှင်စေချင်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ လျှောက်တဲ့လမ်းအတိုင်းလျှောက်လာခဲ့ဖို့ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။ ညီအစ်ကိုတို့အားလုံးကို အစစအရာရာပြည့်စုံပါတယ်။ မိသားစုညီအစ်ကိုမောင်နှမအရင်းအချာလို၊ တပ်ဖွဲ့ဝင်တစ်ယောက်လို ကျွန်တော်တို့ကို လိုလေသေးမရှိ အစစအရာရာ စီမံပေးတဲ့ တပ်မတော်သားအားလုံးကို ကျွန်တော်ဒီနေရာကနေကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော် အမေတို့နဲ့ ပြန်တွေ့ရင် မိန်းမနဲ့ပြန်တွေ့ရင် ငိုမိမှာပါ။ ဒါပေမဲ့ နောက်နောင် အမေ့ရှေ့မှာ ကျွန်တော်ကတိပေးချင်တာ နောက်နောင် ဒီလိုအမှားမျိုး ဘယ်တော့မှမမှားတော့ဘူးလို့ အမေ့ကိုအကြိမ်ကြိမ်ကတိပေးချင်ပါတယ်ဗျ”ဟုပြောသည်။
“စစ်မှုထမ်းရမယ်ဆိုပြီးတော့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက်မလိုက်လို့မရဘူးပေါ့။ စည်းရုံးပြီးတော့ခေါ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ သူငယ်ချင်းငါးယောက် ပါသွားပါတယ်။ ကျွန်တော်တို့လည်း စိတ်မပါဘဲပါခဲ့ရတာဖြစ်လို့ မပြေလည်မှုတွေပဲ ကြုံတွေ့နေရတယ်။ ဒုက္ခတွေက အများကြီး ရောက်ခဲ့ရတယ်။ အကူအညီမဲ့ခဲ့တယ်။ ထွက်ပေါက်တွေရှာလာပြီးတော့ ကျွန်တော်တို့ထွက်ပြေးလာခဲ့တာပါ။ ကျွန်တော်တို့ စိတ်နဲ့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးတော့ အဲ့ဒီလိုမျိုးလာခဲ့တာပါ။ အလင်းဝင်အခမ်းအနားတွေလုပ်ပေးတယ်။ ဆုကြေးငွေတွေ ပေးတယ်။ ပြီးရင် မိဘရပ်ထံကိုလည်း ပြန်လွှတ်အပ်နှံပေးပါတယ်။ ဝမ်းသာပါတယ်။ကျေနပ်မှုရှိပါတယ်။ ကျွန်တော်အားလည်း အားရပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ စားတာသောက်တာတွေကလည်းကောင်းကောင်းမွန်မွန်ကျွေးမွေးပါတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါတယ်။ တောထဲမှာကျန်ရှိနေတဲ့သူငယ်ချင်းတွေကို ကျွန်တော့်လိုပေါ့ အမြင်မှန်ရစေချင်တယ်။ ကျွန်တော်တို့ဆီကို အပါဆွဲခေါ်ချင်တာပေါ့”ဟုပြောသည်။
