အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့် ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတကြည့်ရှု

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုခဲ့သည်။

ယင်း ပတ္တမြားကြီး၏အချက်အလက်များကို နိုင်ငံ တော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတို့ကရှင်းလင်းတင်ပြခဲ့ကြသည်။

ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂,၂၀၀ ဂရမ်(၁၁,၀၀၀ ကရက်)ရှိကာ အရွယ်အစားကြီးမားသဖြင့်ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါးကာ ပတ္တမြားကြီးသည် ခရမ်းရောင်သမ်းသော အနီရောင်တွင် အဝါရိပ်ဖောက်သောအရောင်ရှိပြီး အရောင်အဆင့်အတန်းကောင်းမွန်ကာ အလင်းပေါက်အား သင့်တင့်ပြီးဖန်ရောင်လက်ကောင်းမွန်ပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် ပတ္တမြားကြီးဖြစ်သည်။

ယခင်က မြန်မာနိုင်ငံတွင် ရှားပါးပြီးတန်ဖိုးရှိသည့် ၁၉၉၀ ပြည့်နှစ်တွင် ရရှိခဲ့သော အလေးချိန်(၉၉ ဒသမ ၂၅)ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်)ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင်ရရှိခဲ့သော အလေးချိန်(၄,၂၉၀)ဂရမ် (၂၁,၄၅၀ ကရက်)ရှိပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင်ရရှိခဲ့သော အလေးချိန်(၅၅၇ ဒသမ ၈၅)ဂရမ်(၂,၇၈၉ ဒသမ ၂၅ ကရက်)ရှိ နစက ပတ္တမြားတို့ကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ ယခုပတ္တမြားအပါအဝင် ပတ္တမြား(၄)ပွင့်လုံးသည် မိုးကုတ်ဒေသမှထွက်ရှိပြီး သက်ဆိုင်ရာပတ္တမြားတစ်ပွင့်ချင်းအလိုက် ဂုဏ်သတ္တိထူးခြားချက်များရှိ၍ အလွန်တန်ဖိုးရှိသည့် ပတ္တမြားများဖြစ်သည်။

ထို့ပြင် ၁၉၉၆ ခုနှစ်ကရရှိခဲ့သော ပတ္တမြားသည် အ လေးချိန်အများဆုံးဖြစ်သော်လည်း အရောင်နှင့်အရည်အသွေးနှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားမှာ အရောင်နှင့် အရည်အသွေးပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားသည်။

Leave a Reply

Your email address will not be published. Required fields are marked *