PNLO အဖွဲ့မှ အမျိုးသား ၆၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ၎င်းတို့နှင့်အတူပါလာသည့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေကျပ်သိန်း ၁၅၀၀ ကျော် ပေးအပ်

PNLOအဖွဲ့မှ အမျိုးသား ၆၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ၎င်းတို့နှင့်အတူပါလာသည့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေကျပ်သိန်း ၁၅၀၀ ကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ဧပြီ ၂၆ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတို သေနတ် ၃ လက်၊ Type-81 သေနတ် ၁၄ လက်၊ M-16 သေနတ် ၄ လက်၊ M-22 သေနတ် ၄ လက်၊ M-79 သေနတ် ၂ လက်၊ MA-11 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ကျည်အိမ်မျိုးစုံ ၄၂ ခု၊ ကျည်မျိုးစုံ ၂၂၁၉ တောင့်၊ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၁၅ လုံး၊ ဒီတိုနေတာ ၁၃ ခုနှင့် စကားပြောစက် ၂ လုံး တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူကြောင်း သိရသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပစ္စတိုသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ၃ လက်အတွက် သိန်း ၆ဝကျပ်၊ မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက် အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂၇ လက်အတွက် သိန်း ၁၃၅၀ ကျပ်၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၁၅လုံးအတွက် ၄၅သိန်း ကျပ်၊ မိုင်းတစ်လုံးအတွက် ၃သိန်းနှုန်းဖြင့် ၃လုံးအတွက် ၉သိန်းကျပ်၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂သိန်းနှုန်းဖြင့် ၂လုံးအတွက် ၄သိန်းကျပ်နှင့် အလင်းဝင် ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၆၁ဦးအတွက် ၆၁သိန်းကျပ် စုစုပေါင်းငွေကျပ် သိန်း ၁၅၂၉ ကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ညောင်ရွှေ မြို့နယ်မှ အမျိုးသား ၁ ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၃၀ ဦး၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၆ ဦး၊ စုစုပေါင်းPNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦး ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၂၄ ရက်နေ့တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို သိရှိနားလည်သဘောပေါက်လာကြ သည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦးတို့သည်လည်း လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အလင်းဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *