အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဥ်းသူများကို ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးမှပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်းသား/အကျဥ်းသူ(၄,၃၃၅)ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းများပြုလုပ်ပေးခဲ့သည်။

ထို့ပြင် ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဥ်းသူ(၁၇၉)ဦးတို့ကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက်ဖြင့်ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင်ပြုခြင်းတို့ကိုလည်းပြုလုပ်ပေးခဲ့သည်။

ထိုသို့ ပြုလုပ်ပေးခြင်းအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ များနှင့် သက်ဆိုင်ရာ မိသားစုဝင်များနည်းတူ ဝမ်းမြောက်ပီတိဖြစ်ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံတော်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်များသည် လူ့အခွင့်အရေး ရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဖြစ်၍ ကော်မရှင်က ဝမ်း မြောက်စွာကြိုဆိုသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *