
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ဟွေထိုက်ရေအားလျှပ်စစ် စီမံကိန်းအား ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုအခြေ အနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာ ယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိုးရာသီမ ရောက်ရှိခင်ကာလအတွင်းလိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက် သွားရန်၊လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းခြင်းလုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် ဓာတ်အားဖြန့်ခွဲမည့် အစီအမံများအား ကြိုတင်ရေးဆွဲထားရှိရန်၊ ရာသီဥတု ဆိုးရွားသည့်နေရာဖြစ်သဖြင့် အခြေခံ Foundation များအား မိုးရာသီမတိုင်မီပြီးစီး အောင်ဆောင်ရွက်သွားရန်၊ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏လူမှုအကျိုးစီးပွားကို များစွာအထောက်အကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဖြင့်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန်နှင့်အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည်ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့် ဓာတ်အား ပေးစက်ရုံတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၀ ဒသမ၃၈၁ ကီလို ဝပ်နာရီသန်းကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ် ဝန်းကျင်ကျေးရွာ ၁၂ ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည့် အကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်သည်။



ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းသို့ရောက်ရှိပြီး နာဂတောင်တန်းသာသနာပြုဗဟိုခေါင်းဆောင် ဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓဇသာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသုမနအားဖူးမြော်ကြည် ညိုကာ စုပေါင်းနဝကမ္မအလှူတော်ငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဆရာတော်အား သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်၏မိန့်ကြားမှုအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌသည် လဟယ်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံ၍ ပညာရေးကြိုးစားအားထုတ်မှုရှိစေရေး အားပေးစကားပြောကြားသည်။
အလားတူ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်ဇနီးဒေါ်ကြူကြူလှသည် ကော်မရှင်အတွင်းရေးမှူး၏ဇနီး၊ အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုသီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် သီလရှင်ဆရာကြီးများ၏ မိန့်ကြားမှုများအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
