အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊မင်္ဂလာဒုံ(အောင်ဆန်းသူရိယလှသောင်းကျောင်း) ပညာရည်ချွန်ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာဒုံ(အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ ၂၀၂၄−၂၀၂၅ ပညာ ရည်ချွန်ဘက်စုံထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အောင်ဆန်းသူရိယလှသောင်းကျောင်းခန်းမ၌ ပြုလုပ်ရာရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆို၍ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက်  တိုင်းမှူးက အမှာစကား ပြောကြားပြီး ဆုပေးပွဲကို  ဆက်လက် ပြုလုပ်ရာ ဘက်စုံထူးချွန် လူရည်ချွန်ဆုရရှိသူများ၊  တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး သုံးကြိမ်ဆက်တိုက်ရရှိအောင် သင်ကြားပို့ချပေးသော Grade 12 သင် ဆရာ၊ ဆရာမများကိုယ်စား ဆရာမကြီးတစ်ဦးနှင့် ထိုင်းနိုင်ငံ မဟာချက်ကရီ သီရိဒုံမင်းသမီး၏ အာဆီယံဆိုင်ရာ ဆရာထူးချွန်ဆုရရှိသူ ဆရာမတစ်ဦး၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသော ကျောင်းသား၊ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဖျော်ဖြေတင်ဆက်မှုများအား ဆက်လက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *