တကယ်တော့ ရခိုင်က ကိုယ့်ပြည်နယ် ကိုယ်ဖျက်နေတာလို့ ပြောလို့ရတယ်
မြောက်ဘက် မောင်တော ဒေသ ဆိုတာက ဘင်္ဂလီတွေများတယ်။ အနိမ့်ဆုံး ၉၀ ရာခိုင်နှုန်း အထက်ရှိတယ်။ တပ်ရဲ့ နယ်ခြားစောင့်စခန်းတွေရှိကတည်းက ရခိုင်ရွာတွေ မရှိသလောက် ရှားတယ်။ သီတာထွေး အရေးအခင်းတွေ၊ တပ် ဌာနချုပ်စခန်းတွေ အတိုက်ခံရချိန်မှာ ဘင်္ဂလီ လူအုပ်ကြီးကို ဘယ်လို ထိမ်းခဲ့ရသလဲဆိုတာ မြေပြင်ရှိတဲ့သူတွေ သိတယ်။ ဆိုတော့…..ခု အွန်လိုင်းပေါ်ကနေ AA ကောင်းပါတယ်၊ AA က ဗလီတွေ ပြန်ဖွင့်ပေးပါတယ်ဆိုပြီး ဘယ်လိုပဲ ဆိုက်ဝါး သတင်းတွေဖြန့်ဖြန့် ဘင်္ဂလီနဲ့ ရခိုင် အတူယှဉ်တွဲနေထိုင်ရေးဆိုတာ အတော်လေး ခက်တာ အမှန်ပဲ။ ဒါက မြောက်ပိုင်း ကိစ္စပေါ့လေ။
ခု ကျောက်ဖြူ ၊ စစ်တွေ ကို ရဖို့ AA က ထိုးစစ်ဆင်လာတာတွေရှိတယ်။ ဒီမြို့တွေကို ရဖို့ ပထမဆုံး ခြေကုတ် ယူရတာက အဲ့ဒီမြို့နယ်တွေထဲက ရခိုင်ရွာတွေပဲ။ မျိုးနွယ်တူလည်း ဖြစ်တယ်၊ နဂိုကတည်းက ရခိုင်ပြည်နယ်မှာ ရခိုင်ပဲ နေရမယ်၊ ရခိုင်သီးသန့် နေချင်ကြတဲ့ လူမျိုးစုတွေ ဆိုတော့လည်း ထွန်းမြတ်နိုင်ရဲ့ အဖ ရခိုင်ပြည် နိုင်ငံတော် ထူထောင်ရေးမှာ မှိုင်းမိကြတာလည်း မဆန်းဘူး။ ဒါပေမယ့် တပ်မတော်နဲ့ အပြန်အလှန် စစ်ဖြစ်ကြတဲ့အခါ အဲ့ဒီမြို့နယ်ထဲက AA ခြေကုတ်ယူတဲ့ ရွာတွေက စစ်ကြောင့် ပြာကြကုန်တယ်။ စစ်ကြောင့် ဒေသခံတွေ ထွက်ပြေးကြတယ်။ တချို့ရွာတွေ ပျောက်သွားကြတယ်။
ခုလည်း AA သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေကို သတင်းရရင် ရသလို တပ်က လေကြောင်းနဲ့ ဆော်တယ်။ အပေါ်မှာ ARSA ကြောင့် ရခိုင်ရွာတွေ မရှိတော့သလို တောင်ပိုင်းမှာလည်း တပ်မတော် ကို မောင်းထုတ်နိုင်ရင် ဒီစစ်ကြီး ပြီးသွားမယ်လို့ ထင်နေကြပေမယ့် တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဝင်လာတဲ့အခါ စစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတော့တာပဲ။ အစိုးရထိန်းချုပ်မှုအောက်ရှိတဲ့ မြို့ကြီးတွေမှာ အတန်း ပညာရေး ရှိနေပေမယ့် AA ထိန်းချုပ်ထားတဲ့ မြို့က ရခိုင်ကလေးတွေမှာ ကျောင်းတွေ မဖွင့်နိုင်တော့ဘူး။ စစ်ကြောင့် စားနပ်ရိက္ခာတွေရှားလာတယ်။ စစ်ကြောင့် စစ်မှုထမ်းစနစ်တွေ ကျင့်သုံးလို့ တောင်ပိုင်း ရခိုင်တွေ မြေပြန့်ဝင်လာကြတဲ့အခါ ရခိုင်ပြည်ရဲ့ လယ်စပါးတွေ မစိုက်နိုင်တော့ဘူး။
အချိန်ကြာလေလေ ပညာရေးလည်း ဆုတ်ယုတ်သလို ကျေးရွာတွေကလည်း တစ၊တစ ပျောက်ကွယ်သွားကြရတော့မယ်။ ရခိုင် မြောက်ပိုင်းရော၊ တောင်ပိုင်းပါ စစ်ဒဏ်ကို အလူးအလဲ ခံရချိန်မှာ ကျန်းမာရေးနဲ့ စီးပွားရေး တိုးတက်မှုနှုန်းက တဖြည်းဖြည်း ကျဆင်းလာလိမ့်မယ်။ ရခိုင်တပြည်လုံး ဆုတ်ယုတ်နေတဲ့အပေါ် အရှိကို အရှိအတိုင်း မသုံးသပ်ဘဲ ထွန်းမြတ်နိုင် လမ်းစဉ်မှားနေတာကို မှားတဲ့အတိုင်း မျက်စိမှိတ် ထောက်ခံ ဆက်လျှောက်နေရင်တော့ …..ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးတာပဲလို့ ဆိုရမှာ ဖြစ်တယ်။
မတော်လို့ စစ်ကြီးရပ်သွားရင်တောင် ပျက်စီးသွားတဲ့ ရခိုင်ရွာတွေ ထူထောင်ရေးဟာ ပြန်ဖြစ်လာနိုင်ပါ့မလား မသေချာဘူး။ အဖရခိုင်ပြည်ထူထောင်ရေးထက် အဖရခိုင်ပြည် ငရဲခန်း မဖြစ်စေဖို့ပဲ မျှော်လင့်ပါတယ်။
(နရီမိုး)
