သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသလို နေပြည်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ် ပေါင်းစုစေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေ ဇနိယ (၄)ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်စည်ကားခဲ့ပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်ကို တွေ့မြင်ရသည်။



