ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးအား လူ ၄ ဦးက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လူ ၄ ဦးက ကားတစ်စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်တစ်ခု ယနေ့ မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးမှာ သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် ❛လင်းလက်ရွှေစင်❜ အမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ်ဆိုသူဖြစ်သည်ဟု သိရပြီး ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ရွှေဆိုင်ဖွင့်ရန်အတွက် ၎င်းနေအိမ်ရှိရာ ထူပါရုံ (၂၂) လမ်းမှ စျေးသို့အသွား လမ်းထိပ်၌ အသင့်စောင့်ဆိုင်းနေသည့် လူလေးဦးက Alphard အဖြူရောင်ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။ 

ယင်းအမျိုးသမီးသည် သာကေတမြို့နယ် ထူပါရုံ (၂၂) လမ်းရှိ နေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကာ နေ့စဉ် ရွှေဆိုင်သို့ ဆိုက်က္ကား(သို့မဟုတ်) သုံးဘီးဆိုက်တွဲဖြင့် အသွားအပြန်လုပ်လေ့ရှိသလို လိုအပ်သည့် ရွှေထည်ပစ္စည်းများကိုလည်း နေ့စဉ်သယ်ဆောင်လေ့ရှိသည်ဟု သိရပြီး လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *