ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ပရဟိတယာဥ်က ခွေးကိုရှောင်တိမ်းရာမှ တိမ်းမှောက်မှုဖြစ်ပွားကာ စေတနာ့ဝန်ထမ်း တစ်ဦး အပါအဝင် (၃)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၆ ရက်) နံနက် ၉ နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း (၉၇)မိုင် (၆)ဖာလုံ နှင့် (၅)ဖာလုံအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အောင်ဇေလူမှုကယ်ဆယ်ရေး လူနာတင်ယာဉ်က လမ်းကဖြတ်တဲ့ခွေးကို ရှောင်ရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲနဲ့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၅)ဦးအနက် အသက်(၁၈)နှစ်အရွယ် စေတနာ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး အပါအဝင် အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မတ်လ ၁၆ တစ်ရက်အတွင်း ယာဉ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကျား(၁)ဦး၊ မ(၂)ဦးသေဆုံးကာ၊ ကျား(၇)ဦး၊ မ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နောက်ဆုံး အဆင့်လူနာကို ပြန်သယ်လာသော ပရဟိတယာဥ်သည် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ရာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိသည့်အတွက် (၆)ဦးဒဏ်ရာရရှိခဲ့ဖူးသည်။
အမြန်လမ်းတွင် ခွေးကိုရှောင်တိမ်းရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၃ ဦး သေဆုံး
