KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတခုကို TNLA ဝင်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့နယ်အတွင်းရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတစ်ခုရှိ TNLA တပ်ဖွဲ့တွေက ဖေဖော်ဝရီလ ၂၃ရက်၊ မနက်အစောပိုင်းအချိန်က ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းတွေသိမ်းယူပြီး တပ်ဖွဲ့ဝင်‌တွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

KIA တပ်မဟာ ၄၊ လက်အောက်ခံ တပ်ရင်း (၃၄)အောက်မှာရှိတဲ့ KIAစစ်တပ်ရဲ့ လောက်ကျယ်ဂိတ်၊ ရော်ကျိန်းဂိတ်၊ မန်ဖန်ဂိတ်နဲ့ မန်မောက်ရွာက မန်ပွန်းတိုက်နယ်ရုံးတို့ကို TNLA တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ KIA အရာရှိတွေနဲ့ တပ်သားတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“မနက်အစောက ဖြစ်သွားတာ၊ အော်ဟစ်ဆဲဆိုသံတွေတော့ ကြားတယ်။ သေနတ်သံတွေတော့ မကြားရဘူး။ ဘာကြောင့်ဖြစ်တာလဲဆိုတာလည်း မသိရသေးဘူး။ ဒီလိုဖြစ်စဉ်တွေ၊ နယ်မြေကိစ္စအငြင်းပွားတာတွေ ခဏခဏဖြစ်နေတော့ တိုက်ပွဲဖြစ်လာမှာ ကြောက်နေရတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ နယ်မြေအငြင်းပွားမှု၊ TNLAက လက်နက်ပျောက်ဆုံးမှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပေမယ့် VOMအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်သလို မြေပြင်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ TNLA ကြား နယ်မြေအငြင်းပွါးမှုကြောင့် စစ်ရေးတင်းမာမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်က မန်ဖန်ကျေးရွာမှာ တကြိမ်၊ ဇန်နဝါရီလ ၂၇ရက်က ရွှေလီချိုင့်ဝှမ်းဒေသမှာ တကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ပေမယ့် နယ်မြေအငြင်းပွားမှု အပါအဝင် အခြားပဋိပက္ခဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ရက်၊ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသမှာ KIA လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ( GMH ) သုံးဦးကို လက်နက်ခိုးယူတယ်လို့ဆိုကာ TNLAက ဖမ်းဆီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *