ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား ၂၉ ဦးအပါအဝင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသူ ၈၀ ကျော်တို့ကို ဖမ်းဆီးရမိထားပြီး ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပြီးပါက သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။အဆိုပါသတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရယ်မြို့၏ အရှေ့တောင်ဘက်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနှင့်အတူ ကျားဖြန့်လုံခြုံရေး ၅ ဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ထို့အပြင် နောင်ဟန်ကျေးရွာအနီး၌ အဆောက်အဦ ၇ လုံးနှင့် ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Destop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက် ၂ လုံး၊ StarLink ၂ စုံ၊ လုပ်ငန်းသုံး လျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ သေနတ် ၁ လက် နှင့် ကျည် ၅ တောင့်တို့ကို ထပ်မံဖမ်းဆီးရရှိခဲ့သည်။
၎င်းအပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆိုပါ မိုင်းဟဒေသ၊ နောင်ဟန်ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂၅ ဦးတို့အား တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦး၊ Alphard မော်တော်ယာဉ် ၁ စီး၊ မီးစက် ၁ လုံး ထပ်မံဖမ်းဆီးရရှိခဲ့သဖြင့် အဆိုပါ မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်းမှ ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၈၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။



