အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အလေးထား လိုက်ပါစုဆောင်းလျက်ရှိသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် အဆိုပါနည်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသီးသီးမှ စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း CTFMR နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါစစ်သည်များအား မိဘ/အုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။