တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာသို့ ရောက်ရှိခဲ့ပြီး အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၁ ဦး၊ ခွဲစိတ်ရောဂါ ၁၃ ဦး၊ သားဖွား/မီးယပ်ရောဂါ သုံးဦး၊ ကလေး ရောဂါ ၁၈ ဦး၊ အရိုးရောဂါ ၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ခုနစ်ဦး၊ မျက်စိရောဂါ ၆၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာလေးဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။